ဘာစီလိုနာကတော့ ဗယ်လာဒိုလစ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နိုင်ပွဲဆက်ခဲ့ရာမှာ တိုက်စစ်မှူးလီဝန်ဒေါစကီးက ခြေစွမ်းပြကာ ၂ဂိုးသွင်းယူပေးခဲ့ပါတယ်။ လီဝန်ဒေါစကီးက တပွဲကို ၂ဂိုးနှုန်းနဲ့ နှစ်ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၃ပွဲကစားပြီးချိန်မှာပဲ သူ့ရဲ့ လာလီဂါသွင်းဂိုးက ၄ ဂိုးအထိဖြစ်လာခဲ့တာ ရွှေဖိနပ်ဆုအတွက် ဘန်ဇီမာနဲ့ တော်တော်လေးအကြိတ်အနယ်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်း အဝေးကွင်းမှာ အက်စ်ပန်ညိုကို ၁-၃ နဲ့ အနိုင်ရရှိခဲ့ရာမှာ ဘန်ဇီမာက ၂ဂိုးသွင်းယူခဲ့လို့ ဒီရာသီ သူ့ရဲ့သွင်းဂိုးကလည်း ၃ ဂိုးရှိနေတာဖြစ်ပါတယ်။ လီဝန်ဒေါစကီးကတော့ လှပသပ်ရပ်တဲ့ သွင်းဂိုးနှစ်ဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ပထမသွင်းဂိုးကို ရယူခဲ့တဲ့ဟန်က ဘွန်ဒက်လီဂါရဲ့ လိုဂိုပုံစံနဲ့ ထူးထူးခြားခြားဆိုသလို တူညီနေခဲ့ပါတယ်။
ဘွန်ဒက်လီဂါမှာ ကာလရှည်ကစားခဲ့တဲ့ လီဝန်ဒေါစကီးဟာ ညာခြမ်းက ရာဖင်ဟာရဲ့ ဖြတ်တင်ဘောကို အနီးကပ်ဝင်ရောက်ပိတ်သွင်းခဲ့ရာမှာ အဆိုပါဟန်နဲ့ တထပ်တည်းနီးပါး တူညီနေခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်ရရှိခဲ့တဲ့ သွင်းဂိုးကိုလည်း လီဝန်ဒေါစကီးက ပြိုင်ဘက်ကစားသမားလိုက်ကပ်နေတဲ့ကြားကနေ နောက်ပေါက်နဲ့ လှလှပပပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ လာလီဂါအဖွင့်ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပေမယ့်လည်း လက်ရှိမှာ ဆက်တိုက်ခြေစွမ်းပြနေပြီး သူ့ရဲ့ ဘာစီလိုနာကစားသမားဘ၀ကို ကောင်းကောင်းအစပြုနိုင်ခဲ့ဖြစ်ပါတယ်။ ဝါရင့်တိုက်စစ်မှူးကြီးအတွက်တော့ လာလီဂါမှာ အသားကျဖို့အတွက် အချိန်ခဏလေးသာ လိုအပ်ခဲ့တာဖြစ်ပြီး သူ့ကိုခေါ်ယူခဲ့မှုက မှန်ကန်တယ်ဆိုတာကိုလည်း သက်သေပြနေပြီဖြစ်ပါတယ်။
ဘာစီလိုနာကတော့ ၃ပွဲကစားပြီးချိန်မှာ ရမှတ် ၇ မှတ်ရရှိထားပြီး တာထွက်လှနေခဲ့ပါတယ်။ ကစားသမားသစ်အားလုံးကလည်း ခြေစွမ်းပြနေခဲ့လို့ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ကောင်းကောင်းစိန်ခေါ်နိုင်စွမ်းရှိမယ်လို့လည်း ယုံကြည်ရပါတယ်။