ယူနီယံဘာလင်တိုက်စစ်မှူးကယ်ဗင်ဘာရန်းစ်ကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားနေပါပြီ။ သူဟာ ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါအဖွင့်ပွဲအဖြစ် မိန့်ဇ်နဲ့ပွဲကို ပါဝင်ကစားပေးခဲ့ပြီး အသင်းအတွက် ဟက်ထရစ်သွင်းခြေစွမ်းပြခဲ့ပါတယ်။ ဒီလိုသွင်းယူခဲ့ရာမှာ သူက ၃ ဂိုးစလုံးကို ခေါင်းတိုက်သွင်းဂိုးအဖြစ် သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒါဟာ ဘွန်ဒက်လီဂါသမိုင်းမှာတော့ ဘယ်ကစားသမားကမှ မလုပ်ပြနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး ခေါင်းတိုက်ဟက်ထရစ်ဂိုးရတဲ့ ပထမဆုံးကစားသမားအဖြစ် သူက စံချိန်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အသက် ၃၂ အရွယ်ရှိပြီဖြစ်တဲ့ ဘာရန်းစ်ဟာ ဘွန်ဒက်လီဂါမှာ အသက် ၃၀ အရွယ်မှာမှ စကစားခဲ့ဖူးတာပါ။
အရင်က သူဟာ အောက်တန်းလိဂ်တွေမှာသာ အသင်းငယ်လေးတွေနဲ့ ကျင်လည်ခဲ့ရပြီး အခုတော့ ယူနီယံဘာလင်ရဲ့ အဓိကတိုက်စစ်မှူးဖြစ်နေပြီး ဒီအသင်းနဲ့အတူ ချန်ပီယံလိဂ်ပါ ဝင်ကစားခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။ မိန့်ဇ်နဲ့ပွဲအပြီးမှာတော့ သူ့ရဲ့ ခြေစွမ်းပြမှုအပြင် အိမ်ပြန်သွားချိန်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းကလည်း ပရိသတ်တွေကို ဆွဲဆောင််နိုင်ခဲ့ပါတယ်။
အဲဒါကတော့ သူဟာ စက်ဘီးလေးစီးပြီးတော့ သူ့အိမ်ကို ပြန်နေခဲ့တာပါ။ လူမှုကွန်ရက်ပေါ်မှာတော့ သူ့ရဲ့ စက်ဘီးစီး အိမ်ပြန်နေပုံက ပျံ့နှံ့နေပြီး လူကြိုက်များနေပါတယ်။ ဘွန်ဒက်လီဂါမှာ သမိုင်းဝင်စံချိန်သစ်ကို ရခဲ့တဲ့ ကစားသမားက ပွဲအပြီးအိမ်ပြန်ချိန် စက်ဘီးနင်းပြန်သွားတာ ပရိသတ်တွေအတွက် အမြင်ဆန်းနေတာပါ။
ကစားသမားအများစုကတော့ ကားနဲ့အသွားပြန်လုပ်လေ့ရှိပေမယ့် ဘာရန်းစ်က စက်ဘီးစီးသွားခဲ့တာပါ။ ဒါကိုပဲ ပရိသတ်တွေအတွက် ဆွဲဆောင်မှုတခုလို ဖြစ်ခဲ့ဖွယ်ရာရှိပါတယ်။ စက်ဘီးစီးရတာကိုပဲ နှစ်ခြိုက်လို့လား၊ ကားမမောင်းချင်လို့လား ကွဲကွဲပြားပြားမသိရပေမယ့် ပရိသတ်တွေကတော့ သူ့ရဲ့ နေထိုင်မှုပုံစံကို သဘောတွေကျနေကြပါပြီ။