ရီးရဲလ်မက်ဒရစ် ဂန္တဝင်နောက်ခံလူဟောင်း မာဆယ်လိုရဲ့သားဟာ သူ့ကျောင်းက ဘွဲ့ယူတဲ့ အခမ်းအနားမှာ ရော်နယ်ဒိုလို အောင်ပွဲခံခဲ့ကြောင်း သိရှိရပါတယ်။ အန်ဇိုအဲလ်ဗက်စ်လို့ အမည်ရတဲ့ အဆိုပါ လူငယ်လေးဟာ သူဒါမျိုး အောင်ပွဲခံနေတဲ့ ဗီဒီယိုကိုလည်း အင်စတာဂရမ်စတိုရီမှာ တင်ထားခဲ့ပါတယ်။
အန်ဇိုဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ် လူငယ်အတွက် ကစားပေးနေပြီး သူ့အဖေ မာဆယ်လိုကလည်း အသင်းကြီးအတွက် ပွဲပေါင်း (၅၄၆) ပွဲ ကစားပေးခဲ့တဲ့ ဂန္တဝင်တစ်ယောက်ဖြစ်ပါတယ်။ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား (၅) ကြိမ်အပါအဝင် အခြားသော ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အထူးသဖြင့် မာဆယ်လိုဟာ ရော်နယ်ဒိုနဲ့ ကွင်းတွင်းကွင်းပြင်မှာ တော်တော်လေး အတွဲမိခဲ့တဲ့ ကစားသမားဖြစ်ပြီး ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ချိန်မှာလည်း ငိုကြွေးခဲ့သေးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ အသင်းဖော်တွေအဖြစ် ပွဲပေါင်း (၃၃၂) ပွဲ အတူတွဲကစားခဲ့ပြီး သွင်းဂိုး (၃၃) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
မာဆယ်လိုရဲ့ ဖြတ်တင်ဘောတွေကတစ်ဆင့် ရော်နယ်ဒိုရဲ့ အဆုံးသတ်မှုတွေက တစ်ချိန်တုန်းက ရီးရဲလ်မက်ဒရစ်အတွက် အမှတ်တရတစ်ခုဖြစ်ခဲ့ပါသေးတယ်။ နှစ်ယောက်တွဲပြီးတော့လည်း ဆုဖလားပေါင်း (၁၇) လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပြီး အခု မာဆယ်လိုရဲ့ သားကလည်း ရော်နယ်ဒိုကို သူ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာပါ။
အန်ဇိုဟာ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းအတွက်လည်း ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပြီး မာဆယ်လိုကလည်း အန်ဇိုရဲ့ပွဲတွေကို အမြဲတမ်း လိုက်ပါအားပေးလေ့ရှိပါတယ်။ အရင်တုန်းကလည်း အန်ဇိုက ကွင်းအတွင်းမှာ ဂိုးသွင်းပြီးတိုင်း ရော်နယ်ဒိုလို အောင်ပွဲခံလေ့ရှိသလို မာဆယ်လိုကလည်း သားနည်းတူ ပွဲကြည့်စင်ကနေ လိုက်လံအောင်ပွဲခံလေ့ရှိပါတယ်။
အခုချိန်မှာလည်း အန်ဇိုတစ်ယောက် ဘွဲ့ရရှိတဲ့အချိန်မှာ ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်ကနေပဲ ရော်နယ်ဒိုရဲ့ အမှတ်သညာ Siu နဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အန်ဇိုကိုသာ ကောင်းကောင်းပျိုးထောင်နိုင်ခဲ့ရင် ရီးရဲလ်မက်ဒရစ်အနာဂတ်အတွက် ကြယ်ပွင့်တစ်ယောက်ကို သေချာပေါက် ရရှိနိုင်မယ်လို့လည်း မှတ်ချက်ပြုထားကြပါတယ်။