ချဲလ်ဆီး ဂိုးသမား မန်ဒီဟာ လက်ရှိအချိန်မှာ အသင်းအတွက် မရှိမဖြစ် ကစားသမားတယောက် အနေနဲ့ အရေးပါနေပြီဖြစ်ပါတယ်။ ရေဘဝဲလို့ ချဲလ်ဆီး ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ ဒီကစားသမားဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆီနီဂေါနဲ့အတူ အာဖရိကဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ မန်ဒီအတွက် ကစားသမားဘဝအစောပိုင်းက ထင်သလောက်တော့ မလှပခဲ့ပါဘူး။ လက်ရှိအချိန်မှာ အသက် (၃၀) အရွယ်ရှိပြီဖြစ်တဲ့ မန်ဒီဟာ အခြားကစားသမားတွေ တောက်ပနေတဲ့ အသက် (၂၂) နှစ်အရွယ်မှာတောင် အေးဂျင့်ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရဖူးတာပါ။
ဒီအကြောင်းကိုတော့ မန်ဒီက အခုလိုပဲ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ မန်ဒီက “ကျနော့်အသက် (၂၂) နှစ်တုန်းက AS ချာဘော့ဂ်နဲ့ စာချုပ်သက်တမ်း ကုန်သွားပါတယ်။ အေးဂျင့်က ကျနော့်ကို အခြားအသင်းတွေဆီက ကမ်းလှမ်းမှုတွေရှိနေတယ်ဆိုပြီး ပြောပါသေးတယ်။ နောက်တော့ ကျနော် သူနဲ့ အဆက်အသွယ်ပြတ်သွားရောဗျ”
“ကျနော် သူ့ကို ကြိုးစားပြီး ဆက်သွယ်ပါသေးတယ်။ ဒါပေမယ့် သူက အကြောင်းမပြန်ဘူးဗျ။ နောက်ဆုံး သူပြန်ပို့တာက ကျနော့်ကို အနာဂတ်မှာ ကံကောင်းပါစေဆိုတဲ့ စာကြောင်းလေးပဲ။ ကျနော့်မှာ အသင်းလက်မဲ့လည်းဖြစ်၊ အေးဂျင့်လည်းမရှိ ဖြစ်သွားတာပေါ့ဗျာ။ ကျနော် ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်”
“ဒါပေမယ့် ကျနော့် မိဘတွေ၊ မိသားစုဝင်တွေက ကျနော့်ကို အားပေးမှုနဲ့အတူ ကျနော် ဘောလုံးကို နောက်တခါ ပြန်ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီမှာ ကျနော် လီဟာဗေးကိုရောက်ခဲ့တယ်၊ သူတို့အတွက် လစာမယူဘဲ တနှစ်ကစားပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ကျနော်က မာဆေးလ်ရဲ့ တတိယမြောက် ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်ဒီဟာ မာဆေးလ်ကတဆင့် ရိုင်းမ်စ်၊ ရန်းနက်စ်တို့ကို ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ (၂၀၂၀) မှာတော့ ချဲလ်ဆီးကို ရောက်ရှိခဲ့ကာ အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲကတယောက်အဖြစ် သတ်မှတ်ခံနေရပြီလည်းဖြစ်ပါတယ်။