မန်ချက်စတာယူနိက်တက်အသင်းဟာ ဘရိုက်တန်ကို အရေးနိမ့်အပြီး ၂၄ နာရီအတွင်း ကွင်းပိတ်ခြေစမ်းပွဲတပွဲကစားသွားခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာ ယူနိုက်တက်တို့ အိမ်ကွင်းမှာပဲ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြသစ်တန်ဟက်ဂျ်အတွက်တော့ ပထမဆုံးပရီးမီးယားလိဂ်ပွဲက ခါးသီးခဲ့ပါတယ်။
ယူနိုက်တက်နဲ့ကစားခဲ့တဲ့ အသင်းကတော့ နေရှင်နယ်လိဂ်ကလပ် Halifax Town ဖြစ်တယ်လို့ သိရပြီး အဆိုပါပွဲမှာ ဗာရာနီနဲ့ အဲရစ်ဘိုင်လီတို့က ဗဟိုခံစစ်မှာပါဝင်ခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ဘရိုက်တန်နဲ့ပွဲမှာ ဝင်ရောက်ကစားပေးရခြင်းမရှိခဲ့သူတွေဖြစ်ပြီး သူတို့နဲ့အတူ ကွင်းလယ်လူ ဂျိမ်းစ်ဂါနာ၊ အာမက်ဒီယာလို၊ ဂါနာချို၊ အီလန်ဂါတို့လည်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တန်ဟက်ဂျ်ရဲ့ အသင်းဟာ ရာသီကြိုခြေစွမ်းပွဲအစောပိုင်းကာလတွေမှာ ခြေစွမ်းရော၊ ရလဒ်ပါကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ အက်သလက်တီကိုမက်ဒရစ်ကို အရေးနိမ့်ပြီး ဗယ်လက်ကာနိုနဲ့ သရေကျခဲ့ပါတယ်။ အဲဒီနောက်မှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တန်ဟက်ဂျ်အတွက်တော့ မျက်နှာပျက်စရာဖြစ်ခဲ့ရပြီး ဖိအားတွေလည်းရှိနေခဲ့ပြီဖြစ်ပါတယ်။
မာရှယ်ဒဏ်ရာရနေခဲ့ပေမယ့် ရော်နယ်ဒိုကို တန်ဟက်ဂျ်က ပွဲထွက်ကစားသမားအဖြစ် ဘရိုက်တန်နဲ့ပွဲမှာ အသုံးမပြုခဲ့ဘဲ ဒုတိယပိုင်းမှာသာ လူစားဝင်စေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တန်ဟက်ဂျ်က ရော်နယ်ဒိုက ကြံ့ခိုင်မှုပြည့်၀ဖို့ လိုအပ်နေသေးပြီး ၄၅ မိနစ်လောက်ကစားခဲ့ရတာက ကစားသမားအတွက် အထောက်အကူဖြစ်မယ်လို့ ပြောဆိုခဲ့ကာ နောက်တပတ်မှာ ပိုကောင်းတဲ့ ရော်နယ်ဒိုကို မြင်တွေ့ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။