ဘရိုက်တန်ကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲကြောင့် ရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ လစာငွေ ပေါင်တသိန်းနီးပါးအထိ နစ်နာတော့မှာဖြစ်ပါတယ်။ အဆိုပါရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရပြီး ကစားသမားတွေဟာလည်း လစာငွေအသီးသီး လျှော့ချခံရမှာဖြစ်ကာ ရော်နယ်ဒိုက ပေါင် ၉၇၀၀၀ အထိ လျှော့ယူရတော့မှာလည်းဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီမှာ ယူရိုပါလိဂ် ဒါမှမဟုတ် ယူရိုပါကွန်ဖရင့်လိဂ်ကိုသာ ဝင်ရောက်ကစားခွင့်ရတော့မှာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့လို့ အသင်းအနေနဲ့လည်း ဝင်ငွေပိုင်းအားဖြင့် ကြီးမားတဲ့ထိခိုက်မှုတွေရှိလာမှာဖြစ်ကာ ကစားသမားတွေအပေါ်ကိုလည်း ရိုက်ခတ်မှုတွေက အနည်းနဲ့အများရှိလာခဲ့တာဖြစ်ပါတယ်။
Express သတင်းဌာနရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ လက်ရှိရရှိနေတဲ့ တပတ်လုပ်အားခ ၃၈၅၀၀၀ ရဲ့ ၂၅% ကို လျှော့ယူရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ပေါင် ၂၈၈၀၀၀ သာ သူ ရရှိတော့မှာဖြစ်ပြီး တပတ်အတွက် ပေါင်တသိန်းနီးပါးဖြစ်ကာ တလကို ပေါင်၃ သိန်းကျော်အထိ ဆုံးရှုံးရတော့မှာလည်း ဖြစ်ပါတယ်။
အခြားသောကစားသမားတွေလည်း ရာခိုင်နှုန်းအလိုက် လစာငွေလျှော့ချခံရတော့မှာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ အသက် ၃၇ နှစ်အရွယ်မှာ အသင်းဟောင်းကို တကျော့ပြန်ရောက်လာပြိး ပြိုင်ပွဲစုံသွင်းဂိုး ၂၀ ကျော်အထိ သွင်းယူပေးထားခဲ့ပါတယ်။ ဒါပေမယ့် အသင်းအောင်မြင်မှုရဖို့အတွက်တော့ သူ့ရဲ့သွင်းဂိုးတွေက မလုံလောက်ခဲ့ဘဲ ယူနိုက်တက်ဟာ အဆိုးဝါးဆုံးသော ဘောလုံးရာသီတခုကို ရင်ဆိုင်နေခဲ့ရပါတယ်။
လာမယ့်ရာသီမှာ နည်းပြသစ်အဖြစ် အေဂျက်ဇ်နည်းပြတန်ဟက်ဂျ်ရောက်ရှိလာမှာဖြစ်ပြီး အပြောင်းအလဲအများအပြားကို ပြုလုပ်ဖွယ်ရှိနေကာ ရော်နယ်ဒိုရဲ့ အနာဂတ်ကလည်း မှန်းဆလို့မရဖြစ်နေပါတယ်။