ကူကူရယ်လာနဲ့ပတ်သက်တဲ့သတင်းတွေကို ငြင်းဆန်ခဲ့တာပါ။

ချဲလ်ဆီးဟာ ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကိုခေါ်ယူဖို့အတွက် နှစ်သင်းကြား ပြောင်းရွှေ့ကြေးရော၊ ကစားသမားနဲ့ပါ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဂျာနယ်လစ်ရိုမာနိုအပြင် အခြားသော ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကပါ ဖော်ပြခဲ့ကြပါတယ်။ ပရိသတ်တွေကလည်း ချဲလ်ဆီးတို့ စတာလင်၊ ကူလီဘလီနောက်ပိုင်း တတိယမြောက် အဓိကကစားသမား ခေါ်ယူမှုကို ပြုလုပ်နိုင်ခဲ့ပြီလို့ ထင်ခဲ့ကြတာပါ။



ဒါပေမယ့် လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ တော်တော်လေး ကံဆိုးနေတဲ့ ချဲလ်ဆီးတို့ ဒီတခါမှာလည်း ကံမကောင်းနိုင်သေးပါဘူး။ ဘရိုက်တန်ဘက်က ကူကူရယ်လာနဲ့ပတ်သက်တဲ့သတင်းတွေကို ညတွင်းချင်း ငြင်းဆန် ပယ်ချလာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မတိကျမသေချာတဲ့ သတင်းတွေလို့လည်း ဘရိုက်တန်ဘက်က ပြစ်တင်ဝေဖန်ပါတယ်။

ဘရိုက်တန်က သူတို့ရဲ့ တရားဝင်တွစ်တာကတဆင့် “ဒီနေ့ညနေမှာ မီဒီယာအများအပြားကတင်ထားတဲ့ မမှန်မကန်သတင်းတွေကို ကျနော်တို့ ငြင်းဆန်ပါတယ်။ ကူကူရယ်လာအတွက် ဘယ်အသင်းနဲ့မှ သဘောတူညီမှုရရှိထားခြင်းမရှိသေးပါဘူး” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ချဲလ်ဆီးပရိသတ်တွေကတော့ ကူကူရယ်လာအတွက် ဝမ်းသာရမလို၊ ဝမ်းနည်းရမလို၊ ဆက်ပြီး မျှော်လင့်ရမလိုဖြစ်နေပါတယ်။



ချဲလ်ဆီးဟာ နောက်ခံလူသစ် မဖြစ်မနေ လိုအပ်နေပြီး ကူကူရယ်လာအတွက် ဘရိုက်တန် တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) အပြင် လီဗီကိုဝဲလ်ကိုပါ အပြောင်းအရွှေ့တစိတ်တပိုင်းအဖြစ် ထည့်သွင်း ကမ်းလှမ်းခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကူကူရယ်လာနဲ့ ချဲလ်ဆီးအကြား (၆) နှစ် သက်တမ်းရှိ စာချုပ်တရပ်ကို ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားပါတယ်။

ဒါပေမယ့်လည်း မနေ့က နှစ်သင်းကြား ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့ သတင်းတွေကိုတော့ ဘရိုက်တန်ဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ကူကူရယ်လာကို ခေါ်ယူဖို့ မန်စီးတီး၊ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေပြီး မန်စီးတီးကတော့ ကစားသမားအတွက် ပေါင်သန်း (၄၀) ထက် ပိုပေးမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က