မက်ဂွိုင်းရားက အသင်းနဲ့ လေ့ကျင့်ခန်းအပြည့်အဝ ပြန်ဆင်းတော့မှာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင်ကြီး မက်ဂွိုင်းရားဟာ ဒဏ်ရာကြောင့် အနားယူနေရာကနေ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်မှာ လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာပြဿနာရရှိလာခဲ့တာပါ။



အဲ့ဒါကြောင့်လည်း ဒီကြားထဲမှာ ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ ပွဲစဥ်အားလုံးကို မက်ဂွိုင်းရားက လွဲချော်ခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ဂျာမနီနဲ့သုံးဂိုးစီသရေကျခဲ့တဲ့ ယူရိုနေးရှင်းလိဂ်အုပ်စုနောက်ဆုံးပွဲစဥ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ မက်ဂွိုင်းရားဟာ ဒီမတိုင်ခင်တည်းက ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ တဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ ယူနိုက်တက်ရဲ့ အဓိကနောက်ခံလူ ဗာရန်းတယောက် တံကောက်ကြောဒဏ်ရာရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပေါင်အနောက်ဖက်ကြွက်သား ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘာ့ဖလားမတိုင်ခင်အထိ ယူနိုက်တက်ပွဲစဥ်အားလုံးကို လွဲချော်ရတော့မှာပါ။ ဒီလိုအချိန်မျိုးမှာပဲ မက်ဂွိုင်းရားက ယူနိုက်တက်အတွက် အချိန်ကိုက် ပြန်လာနိုင်တော့မှာဖြစ်ပါတယ်။

မက်ဂွိုင်းရားဟာ ဒီတပတ်ထဲမှာ အသင်းနဲ့အတူတူ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်မှာဖြစ်ပြီး ပွဲထွက်ခွင့်အတွက်ပါ အဆင်သင့်ရှိနိုင်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးညမှာ ရှရစ်ဖ်နဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲကို ရင်ဆိုင်ကစားရမှာဖြစ်ပြီး မက်ဂွိုင်းရားသာ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် ဒီပွဲမှာ ပွဲထွက် ဒါမှမဟုတ် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရနိုင်ပါတယ်။

ပရီးမီးယားလိဂ်လိုမျိုး အရေးကြီးပွဲစဥ်တွေမှာ ပွဲထွက်ခွင့်ရဖို့အတွက်ကတော့ မက်ဂွိုင်းရားတယောက် လင်ဒီလော့ဖ်နဲ့ ပြိုင်ဆိုင်ရဖွယ်ရှိပါတယ်။ လက်ရှိအချိန်မှာ ဗာရန်းနဲ့ လီဆန်ဒရိုမာတီနက်ဇ်အတွဲက တန်ဟက်ခ်အတွက် တကယ်ကို အားကိုးအားထားရတဲ့အတွဲဖြစ်နေပြီး ဗာရန်း ဒဏ်ရာရသွားခဲ့တာက နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် မကြာခဏ အမှားအယွင်းများလေ့ရှိတဲ့ မက်ဂွိုင်းရားတယောက် ပွဲထွက်ကစားလာနိုင်တာကလည်း ယူနိုက်တက်ပရိသတ်တွေအတွက် မျက်ခုံးလှုပ်စရာဖြစ်လာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က