မန်စီးတီးပရိသတ်တယောက်လည်းဖြစ်၊ Content Creator တယောက်လည်းဖြစ်တဲ့ လောရင့်ဘယ်ရီဟာ မနေ့ညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ပွဲရဲ့ရလဒ်ကို ပွဲမတိုင်ခင်တည်းက အတိအကျ ခန့်မှန်းပေးခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာ ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ပထမပိုင်းတည်းက လေးဂိုးလုံး ပေးခဲ့ရတာပါ။
ဘရန့်ဖို့ဒ်အတွက် ဂိုးတွေကိုတော့ ဂျို့ရှ်ဒါဆေးလ်ဗား၊ မားသီးယပ်စ်ဂျန်ဆန်၊ ဘန်မီး၊ အမ်ဘူမိုတို့က သွင်းယူပေးခဲ့ပြီး ယူနိုက်တက်ကတော့ အဝေးကွင်းမှာ အရှက်ပြေတဂိုးတောင်မရဘဲ အိမ်ပြန်ခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ Podcast တခုမှာ မန်စီးတီးပရိသတ် ဘယ်ရီဟာ သီယိုဘိတ်ကာ၊ အိုလီဗာဖက်ချာတို့နဲ့အတူ ယူနိုက်တက်ပွဲနဲ့ပတ်သက်လို့ ခန့်မှန်းပေးခဲ့တာပါ။
ဘရန့်ဖို့ဒ်နဲ့ယူနိုက်တက်ပွဲအတွက် ခန့်မှန်းချက်နဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ဘယ်ရီက “အိုး... ဘရန့်ဖို့ဒ်က ယူနိုက်တက်ကို လေးဂိုးပြတ်နဲ့ နိုင်ပါလိမ့်မယ်။ ကျနော် ဟာသလုပ်တာ မဟုတ်ပါဘူး။ တကယ်မဟုတ်ဘူးဗျ။ ခင်ဗျားတို့လည်း သိတယ်မဟုတ်လား။ ကျနော် ဒီလိုမျိုး ဗီဒီယိုတွေ ဖန်တီးလာတာ ဟိုးအရင်၊ အရင်တည်းကပါ။ ကျနော် ဟာသလုပ်နေတာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့နာမည်ကြီးတိုက်စစ်မှူးဟောင်း ခရစ္စဆပ်တန်ကလည်း ဘရန့်ဖို့ဒ်နဲ့ယူနိုက်တက်ပွဲအတွက် ခန့်မှန်းချက်မှာ ဘရန့်ဖို့ဒ်က ယူနိုက်တက်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါသေးတယ်။ ဒါပေမယ့် မန်စီးတီးပရိသတ်ဘယ်ရီရဲ့ ခန့်မှန်းချက်ကတော့ သွေးထွက်အောင်မှန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ဂိုးရလဒ်အတိအကျကို ထွက်ပေါ်ခဲ့တာပါ။
ဒါ့အပြင် သူ့ရဲ့တွစ်တာမှာလည်း ယူနိုက်တက်ကတော့ ဒီပွဲရလဒ်ကြောင့် အမှတ်ပေးဇယားအောက်ဆုံးအထိကို ရောက်ရှိသွားခဲ့ပါတယ်။ ဘယ်ရီအားပေးတဲ့ မန်စီးတီးကတော့ ပရီးမီးယားလိဂ်မှာ နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ပေးဂိုးမရှိဘဲနဲ့ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ လက်ရှိချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံးအစပြုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။