ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုက နိုင်ငံအသင်းတွေရဲ့ အောင်မြင်မှုရရှိတဲ့ အနေအထားအပေါ် နှိုင်းယှဥ်သုံးသပ်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့အတူ ယူရို- ၂၀၁၆၊ နေးရှင်းလိဂ်တို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားတယောက်ပါ။
ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် မရှိမဖြစ် ကစားသမားတယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ယူရို- ၂၀၁၆ ဗိုလ်လုပွဲမှာ ဒူးဒဏ်ရာကြောင့် ရော်နယ်ဒို ပွဲကို ဆက်မကစားနိုင်သည့်တိုင် ကွင်းဘေးကနေ အသင်းကို အကောင်းဆုံး ညွှန်ကြားမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အဆိုပါ ယူရို- ၂၀၁၆ ဖလားဟာ ရော်နယ်ဒိုအတွက် ပထမဆုံး နိုင်ငံတကာ အောင်မြင်မှုဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက် ပေါ်တူဂီက နေးရှင်းလိဂ်ချန်ပီယံအဖြစ်လည်း အောင်ပွဲခံနိုင်ခဲ့ပြီး ဒီလိုမျိုး ပေါ်တူဂီနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့အပေါ် ရော်နယ်ဒိုက အခုလိုပဲ ပြောကြားလာပါတယ်။ ရော်နယ်ဒိုက “ပေါ်တူဂီနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့အရာက ဘရာဇီး၊ အာဂျင်တီးနား ဒါမှမဟုတ် ဂျာမနီတို့နဲ့အတူ ဆုဖလားတွေ ဆွတ်ခူးရတာထက် အများကြီး ပိုမိုခက်ခဲပါတယ်”
“ပေါ်တူဂီနဲ့အတူ ဆုဖလား ဆွတ်ခူးနိုင်ဖို့ဆိုတာ တကယ်၊ တကယ်ကိုမှ ခက်ခဲတဲ့ကိစ္စတရပ်ပါ” လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာလည်း ပေါ်တူဂီနဲ့အတူ အောင်မြင်မှုရဖို့ ပစ်မှတ်ထားနေပါတယ်။
ဒီကမ္ဘာ့ဖလားဟာ အသက် (၃၇) နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်လာနိုင်ပြီး မက်ဆီအတွက်ရော၊ ရော်နယ်ဒိုအတွက်ရော ဒီနှစ်ကာတာကမ္ဘာ့ဖလားက အပြိုင်အဆိုင် ပစ်မှတ်ထားရမယ့် ပြိုင်ပွဲကြီးတခုလည်းဖြစ်ပါတယ်။