ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေမနပ်ဖြစ်နေတာပါ။

အင်္ဂလန်တို့ ပြင်သစ်ကို အရေးနိမ့်ခဲ့အပြီးမှာ ကွင်းလယ်ဒိုင်လူကြီး ဝီလ်တန်ဆမ်ပါရီအိုကို ဂယ်ရီနဗီးလ်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဆမ်ပါရီအိုဟာ အင်္ဂလန်-ပြင်သစ်ပွဲမှာ အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်အများအပြားကို ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပြိး အွန်လိုင်းပေါ်မှာလည်း ပရိသတ်တွေက ဝေဖန်နေတယ်လို့ Daily Mail က ဆိုပါတယ်။ 

ပွဲအပြီးမှာ ITV ကတဆင့် သုံးသပ်နေခဲ့တဲ့ နဗီးလ်က ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်အတွက် သူ စိတ်ပျက်ခဲ့ရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပဲ​ ပြောခဲ့ပါတယ်။ "ကွင်းလယ်ဒိုင်က အိပ်မက်ဆိုးတွေမက်နေတယ်လို့ ကျနော်တွေးနေခဲ့တာ၊ သူက တကယ်ရယ်စရာကောင်းတဲ့ဒိုင်တယောက်ပဲ" လို့ နဗီးလ်က ပြောဆိုခဲ့ပါတယ်။ 

"အင်္ဂလန်ရှုံးပွဲက သူ့အပြစ်လို့ ကျနော်မပြောပါဘူး၊ လူတွေက အဲဒါ ဆင်ခြေတွေလို့ ပြောကြလိမ့်မယ်၊ ဒါပေမယ့် သူက တော်တော်ဆိုးရွားတဲ့ ဒိုင်လူကြီးတယောက်ပါ" လို့ နဗီးလ် ထပ်ပြောခဲ့ပါတယ်။ ချူဝါမန်နီရဲ့ လှပတဲ့ကန်ချက်နဲ့ သွင်းဂိုးကြောင့် ပြင်သစ်က ဦးဆောင်နေခဲ့ချိန်မှာ ဘူကာယိုဆာကာကို ပြစ်ဒဏ်ကျူးလွန်မှုအတွက် ပင်နယ်တီမပေးခဲ့တာကြောင့် ဆမ်ပါရီအိုဟာ အင်္ဂလန်ကစားသမားတွေရဲ့ ဒေါသအောက်ကို ရောက်ခဲ့ရပါတယ်။ 

အသက် ၄၀ အရွယ် ဆမ်ပါရီအိုဟာ ပထမပိုင်းမှာ ဟယ်ရီကိန်းက ပင်နယ်တီဧရိယာအစပ်နား ပြစ်ဒဏ်ကျူးလွန်ံရမှုမှာလည်း အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်ဖြစ်လာခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း သူဟာ အင်္ဂလန်ဘက်ကို ပင်နယ်တီနှစ်ကြိမ်အထိ ပေးခဲ့ပြီး ဟယ်ရီကိန်းက တကြိမ်သာဝင်ခဲ့ကာ ၂-၂ ဖြစ်စေမယ့် ပင်နယ်တီကိုတော့ မိုးပေါ်ထောင်ကန်ပြီး လွဲချော်ခဲ့ပါတယ်။ 

မေဆန်မောင့်ကို သီယိုဟာနန်ဒက်ဇ်က ပြစ်ဒဏ်ကျူးလွန်ခဲ့မှာလည်း သူက VAR အကူအညီနဲ့ ပင်နယ်တီသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီပင်နယ်တီမှာဆိုရင်လည်း သူက သတ်မှတ်ပေးခြင်းမရှိခဲ့တာဖြစ်ပြီး VAR က ပင်နယ်တီအခြေအနေဖြစ်တယ်ဆိုတာကိုအကြောင်းကြားမှသာ ပြန်လည်ကြည့်ရှုပြီး ပေးခဲ့တာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။


Share

Loading Next Article...
က္က