ရုပ်သံကတဆင့် ကြည့်နေချိန်မှာ ဖြစ်ပျက်သွားခဲ့တာပါ။

ဘရာဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလားအတွက် အပြီးသတ်လူစာရင်းကို အခြားသောကစားသမားတွေနည်းတူ နေမာကလည်း သူ့နေအိမ်မှာ မိသားစုဆွေမျိုးတွေနဲ့အတူ စောင့်ကြည့်နေခဲ့ပါတယ်။ သူ့ဘေးနားမှာ သူ့ရဲ့တူလို့ယူဆရတဲ့ ကလေးတဦးကလည်း အတူတူကြည့်နေခဲ့ပြီး နေမာကတော့ သူ သေချာပေါက်ရွေးချယ်ခံရမှာကို သိပေမယ့်လည်း အခြားဘယ်သူတွေ ရွေးချယ်ခံရလဲဆိုတာကို စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ 

ရုပ်သံကနေ ရွေးချယ်ခံရတဲ့ ကစားသမားတွေနာမည်ကို ကြေညာချိန်မှာ​ နေမာက ခေါင်းတငြိမ့်ငြိမ့်နဲ့ ရှိနေခဲ့ပါတယ်။ ဂါဘရီရယ်ဂျီးဆပ်နာမည်ကို ကြေညာချိန်မှာ နေမာက သဘောကျတဲ့ဟန်နဲ့ ခေါင်းငြိမ့်နေခဲ့ပြီး မာတင်နယ်လီရဲ့ နာမည်ကို ကြေညာချိန်မှာတော့ အနည်းငယ်အံ့အားသင့်သွားဟန်ရှိခဲ့ပါတယ်။ တကယ်လည်းပဲ နေမာက အံ့အားသင့်ခဲ့တယ်လို့ ယူဆရပြီး ပါးစပ်အဟောင်းသားဖြစ်ခဲ့ဖွယ်ရှိခဲ့ပါတယ်။ 



ဒါကြောင့်လည်း တွစ်တာပေါ်မှာ ပရိသတ်တဦးက "နေမာက မာတင်နယ်လီနာမည်ကို ကြားချိန်မှာ တော်တော်လေးအံ့အားသင့်သွားပုံရတယ်" လို့ ဗီဒီယိုနဲ့တကွ ရေးသားသွားခဲ့ပါတယ်။ အဆိုပါပို့စ်အောက်မှာပဲ ပရိသတ်တွေက မှတ်ချက်တွေ ဝင်ရောက်ရေးသားခဲ့ရာမှာ တဦးက "ဂျီးဆပ်အတွက် နေမာက ပျော်ရွှင်နေပြီး မာတင်နယ်လီပါလာလို့ အံ့အားသင့်နေတယ်လို့ ပြောနိုင်တယ်" လို့ ဆိုပါတယ်။

နောက်တဦးကလည်း "နေမာက မာတင်နယ်လီနာမည်ကိုကြားချိန် နည်းနည်းအံ့အားသင့်သွားပုံရတယ်၊ ဒါပေမယ့် ကင်မရာက သူ့ကိုရိုက်နေတော့ ဒါကို သူ ပြန်ထိန်းလိုက်တယ်၊ အဲဒီအခန်းထဲက လူတွေအကုန်လုံးက နေမာ ကာတာကို လိုက်ခွင့်ရမယ်ဆိုတာသိထားပြီးသားလူတွေ" လို့ ထပ်မံရေးသားခဲ့ပါတယ်။ 


မာတင်နယ်လီကတော့ အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်ပြီး နည်းပြတီထီက ဒါကို သဘောကျလို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးဖာမီနိုကတော့ အပြီးသတ်လူစာရင်းကနေ ကျန်ရစ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ တီထီက နေမာနဲ့အတူလူငယ်ကစားသမားတွေကိုပဲ ရွေးချယ်ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က