အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာရှီယာအလီနဲ့ သူ့ရဲ့ သူငယ်ချင်း ၁၁ ယောက်ကတော့ အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်ကနေ ဒိုဟာကို ကမ္ဘာ့ဖလားကြည့်ဖို့အတွက် ထွက်ခွာခဲ့ကြပါပြီ။ မြို့ပြအင်ဂျင်နီယာတဦးဖြစ်တဲ့ အလီနဲ့ သူ့သူငယ်ချင်းတွေဟာ လက်မှတ်တွေကို ပြီးခဲ့တဲ့ ၆ လကတည်းက ကြိုတင်ဝယ်ယူခဲ့တာဖြစ်ပြီး ကာတာမှာ ၁၀ ရက်ကြာနေထိုင်ပြီး ဘောလုံးပွဲတွေကို တိုက်ရိုက်ကြည့်ရှုတော့မှာပါ။
အနောက်ဘန်ဂေါပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ ကီရာလာနဲ့ မဟာသျှတရပြည်နယ်အနောက်ဘက်က ကိုးလ်ဟာပူးလ်ခရိုင်မှာ ဘောလုံးပရိသတ်တွေ အများအပြားရှိနေတာပါ။ အိန္ဒိယမှာ ဘောလုံးထက် ခရစ်ကတ်က သည်းခြေကြိုက်အားကစားဖြစ်ပေမယ့် ဘောလုံးကို အရူးအမူးအားပေးတဲ့ ပရိသတ်တွေကလည်း ဒုနနဲ့ဒေးပါ။ သူတို့အားပေးတဲ့ အသင်းတွေကို တမူထူးခြားစွာနဲ့လည်း အားပေးလေ့ရှိပါတယ်။
ကီရာလာက မြစ်တခုထဲမှာဆိုရင် မက်ဆီ၊ နေမာနဲ့ ရော်နယ်ဒိုတို့ရဲ့ ရုပ်ပုံကားချပ်ကြီးတွေကိုထောင်ပြီး အားပေးနေပုံက တွစ်တာမှာဆို နာမည်ကျော်ခဲ့ပါတယ်။ ကာတာဟာ အိန္ဒိယအတွက်တော့ ဒုတိယမြောက်အိမ်လိုဖြစ်နေပြီး အလုပ်သမားအများအပြားက ကာတာမှာ သွားရောက်လုပ်ကိုင်နေကြတာပါ။
"ကျနော်အရမ်းကြိုက်ရတဲ့ ကစားသမားတွေကစားတာကို အပြင်မှာ ကြည့်ချင်တဲ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ" လို့ အလီက BBC ကို ပြောခဲ့ပါတယ်။ သူဟာ ဒီခရီးအတွက်လိုအပ်တဲ့ ပစ္စည်းတွေနဲ့အတူ သူနှစ်သက်တဲ့ ကစားသမားတွေကို အခွင့်ကြုံရင်လက်ဆောင်ပေးဖို့ အရုပ်သေးသေးလေးတွေ၊ ရွက်လှေတွေလည်း ယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ကီရာလာက ရှေးဟောင်းဆိပ်ကမ်းမြို့ဖြစ်ပြီး လက်မှုပညာထွန်းကားတဲ့ နယ်မြေပါ။ သူတို့ရဲ့ လက်လုပ်ဇိမ်ခံပစ္စည်းတွေက ကာတာသူဌေးတွေကြားမှာ လူကြိုက်များပြီး ကာတာမှာ ရောင်းချမယ့် ကုန်ပစ္စည်းတွေတောင် ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလီကလည်း အဆိုပါလက်မှုပညာနဲ့ပြုလုပ်ထားတဲ့ အရုပ်တွေကို ယူဆောင်သွားတာပါ။ အလီတို့ သူငယ်ချင်းတွေကတော့ ကာတာမှာ အချိန်အကြာကြီးနေချင်ပေမယ့် စရိတ်စကမြင့်မားလွန်းလို့ ၁၀ ရက်တည်းသာ နေထိုင်မှာပါ။
ဗန်ဂါရာကျေးရွာက ဘောလုံးသမားတဦးဖြစ်တဲ့ အက်ဘ်ဒူနာဇာကလည်း သူ့ရဲ့ သူငယ်ချင်း ၂၅ ယောက်နဲ့အတူ ကာတာကို သွားအားပေးမှာပါ။ သူတို့က ဗုံတွေ၊ အလံတွေကို ယူဆောင်သွားမှာဖြစ်ပြီး ပျော်ပျော်ပါးပါးဆင်နွှဲခဲ့မယ်လို့ ဆိုပါတယ်။ "အသင်းကြီးပရိသတ်တွေ ကျနော်တို့မှာ အများကြီးပဲ၊ ဒါပေမယ့် အာဂျင်တီးနားနဲ့ ဘရာဇီးလ်ကတော့ လူကြိုက်အများဆုံးပဲ" လို့ နာဇာက ပြောဆိုခဲ့ပါတယ်။