ကန်ဟာက ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်မရရှိခဲ့ပါဘူး။

အသက် (၂၃) နှစ်အရွယ် မားသီးယပ်စ်ကန်ဟာအနေနဲ့ မနေ့ညက ထုတ်ပြန်ကြေညာခဲ့တဲ့ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားအပြီးသတ် ကစားသမားစာရင်းမှာ ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။ ဒီကစားသမားဟာ ဟာသာဘာလင်ကနေ အက်သလက်တီကို,ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူပါ။



ဒါပေမယ့် သူက ကလပ်နဲ့ နိုင်ငံပွဲ (၂၃) ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့နောက် ဘရာဇီးလက်ရွေးစင်နည်းပြ ထိထီရဲ့ အပြီးသတ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာက အထူးအဆန်းတော့ မဟုတ်ပါဘူး။ လက်ရှိ ဘရာဇီးရဲ့ တိုက်စစ်ပိုင်းမှာတင် မာတီနယ်လီ၊ နေမာ၊ ရစ်ချာလီဆန်၊ ဗီနီရှပ်စ်၊ ဂျီးဆပ်စ်၊ ရိုဒရီဂိုတို့လို ကစားသမားတွေကို ရွေးချယ်ထားပါတယ်။


ကမ္ဘာ့ဖလားလူစာရင်းမှာ မပါဝင်ခဲ့တဲ့နောက် ကန်ဟာက “ကျနော့်ကို မက်ဆေ့ချ်ပို့ အားပေးခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒါက ခက်ခဲပြီး နာကျင်ရပါတယ်။ ဒါပေမယ့် ဒါကလည်း ဘောလုံးလောကရဲ့ အစိတ်အပိုင်းပါပဲ။ ကျနော်တို့ လက်ရွေးစင်အသင်းက တကယ်ကောင်းမွန်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း ကြီးကျယ်ခမ်းနားပါတယ်။ ခင်ဗျားတို့ အားလုံးကို ကျနော့်နှလုံးသားရဲ့ နက်ရှိုင်းတဲ့နေရာကနေ ကျေးဇူးတင်ပြီး ကျနော်တို့ အတူတူ ဘရာဇီးကို အားပေးကြပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကန်ဟာ,ဟာ ပြတင်းပေါက်အပြင်ဘက် တနေရာမှာ ဝမ်းနည်းကြေကွဲနေပုံရပြီး ပရိသတ်တွေကလည်း ဒီကစားသမားအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ ပရိသတ်တွေက “ကန်ဟာကို ဒါမျိုးမြင်ရတာ တကယ် စိတ်မကောင်းစရာပဲ။ သူသာ အက်သလက်တီကို,ကို မပြောင်းဘဲ အခြားဥရောပအသင်းတသင်းကို ရွေးချယ်လိုက်မယ်ဆိုရင် သေချာပေါက် အရွေးခံရမှာပါ” လို့ ရေးသားနေကြပါတယ်။

ဒါ့အပြင် ကန်ဟာ အခုလိုမျိုး ဘရာဇီးမှာ အရွေးချယ်မခံရတဲ့အပေါ် အက်သလက်တီကိုနည်းပြ ဆီမြွန်နီရဲ့ ကစားဟန်ကိုလည်း ပြစ်တင်ဝေဖန်နေကြပြီး ဆီမြွန်နီရဲ့ ကစားပုံက ကစားသမားတွေရဲ့ အနာဂတ်ကို ဒုက္ခပေးနေကြောင်း၊ သူ့ရဲ့ နည်းစနစ်မှာ ယာအိုဖီးလစ်လည်း မတောက်ပနိုင်ကြောင်း ထောက်ပြဝေဖန်လျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က