ဖရန့်ခ် လမ်းပတ်က ဗုဒ္ဓဟူးနေ့ညနေက ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ချဲလ်ဆီးပရိသတ်တွေဆီက လှောင်ပြောင်မှုတွေကို အပြည့်အဝ နားလည်တယ်လို့ ပြောကြားခဲ့ပါတယ်။
လမ်းပတ်ဟာ အက်ဇ်ပီလီကွေတာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးနဲ့ အမ်ဘူးမိုရဲ့ ဒုတိယပိုင်းသွင်းဂိုးကြောင့် ချဲလ်ဆီးအသင်း ယာယီနည်းပြဘဝ ၅ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ချဲလ်ဆီး ပရိသတ်တွေဟာ ပထမပိုင်းအပြီးမှာရော ဒုတိယပိုင်းအပြီးမှာပါ ကွင်းထဲကနေ ထွက်ခွာလာတဲ့ ကစားသမားတွေကို လှောင်ပြောင်ခဲ့ကြပေမယ့်လည်း လမ်းပတ်က ကစားသမားတွေဟာ လေ့ကျင့်ရေးနဲ့ပွဲစဉ်အတွင်းမှာပါ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှုကို ပြသနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘရန့်တ်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးပရိသတ်တွေဆီကနေ အနုတ်လက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ လမ်းပတ်က “ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိပါဘူး။ အဲဒါကို အပြည့်အဝ နားလည်ပါတယ်။ ဒီပရိသတ်တွေက အရမ်းကောင်းပြီး သူတို့ရဲ့ အသင်းနဲ့ တသားတည်းရှိကြတယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့တွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက အောင်မြင်နေကျဖြစ်ပြီး သူတို့တွေက တချိန်လုံး ကျွန်တော်တို့ အားလုံးလုပ်ချင်တဲ့ အောင်မြင်မှု လိုချင်တာကြောင့်ပါ။ ကျွန်တော် အဲဒါကို လုံးဝကို နားလည်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အပြုံးမပျက်ဘဲနေရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေက ရလဒ်ကို လိုချင်ကြလို့ပါ။ ကျွန်တော် အခု ပရိသတ်တွေကို ပြောနိုင်တာက ကစားသမားတွေက ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှုကို ပြသနေတယ်။ ဘရန့်တ်ဖို့ဒ်က ဂိုးပေါက် တစ်ကြိမ်ပဲ ကန်သွင်းခဲ့ပြီး ၂ ဂိုးသွင်းခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။