ဆီဗီလာနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ် အဝါကတ်ပြခံရပြီး ဒုတိယအကျော့ကို လွဲချော်ခဲ့ပြီဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြိုင်ဘက်အသင်းရဲ့ ဂိုးကန်သွင်းချက်ကို ဟန့်တားကာကွယ်ခဲ့ရာမှာ လက်နဲ့ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင် လာဟို့ဇ်က ပြစ်ဒဏ်ဘောပေးခဲ့သလို ကစားသမားကိုလည်း အဝါကတ်ပြခဲ့တာပါ။ ဒါကြောင့် ဖာနန်ဒက်စ်က အရေးပါတဲ့ ဒုတိယအကျော့ပွဲကို လွဲချော်ခဲ့ရပြီး ယူနိုက်တက်အတွက် နစ်နာခဲ့ရပါတယ်။
သူ့ကို အဝါကတ်ပြချိန်မှာ ဖာနန်ဒက်စ်က ပြင်းပြင်းထန်ထန်စောဒကတက်မှုတွေလုပ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အနှေးပြကွက်တွေအရ ဖာနန်ဒက်စ်ဟာ ဘောလုံးကို ဟန့်တားဖို့ ကြိုးစားချိန်မှာ ကိုယ်တခြမ်းစောင်းပြီးတော့သာ ဝင်ခဲ့တာဖြစ်သလို လက်ကိုလည်း နောက်ကိုအနည်းငယ်ပစ်ထားခဲ့ပေမယ့် ဘောလုံးက လာမှန်ခဲ့တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ အဝါကတ်ပြခဲ့တဲ့ ဒိုင်လူကြီးကို လာဘ်စားမှုလုပ်ခဲ့တယ်လို့ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ "ဒါက လာဘ်စားတာပဲ"၊ "ဘယ်လိုဖြစ်လို့ အဝါကတ်ထိရတာလဲ"၊ "ငါ ဘရူနိုကို မကြိုက်ပါဘူး၊ ဒါပေမယ့် ဘောလုံးက သူ့လက်ကို သွားမှန်ခဲ့တာလေ၊ ဟာသပဲ" ၊ "သူ အခုမှပဲ အနားရသွားတယ်ပဲ သဘောထားပါတယ်" စသဖြင့် တွစ်တာမှာ ရေးသားပြောဆိုခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ ဒုတိယအကျော့မှာ ဖာနန်ဒက်စ်လွဲချော်တော့မယ့်အပြင် ကျန်ကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ မာတီနက်ဇ်၊ ဗာရန်းနဲ့ ရက်ရှ်ဖို့ဒ်တို့လည်း ပါဝင်နိုင်ဖို့အတွက် စောင့်ကြည့်ရမယ့် အနေအထားမှာရှိနေလို့ အကျပ်ရိုက်နေပြီဖြစ်ပါတယ်။ အဆိုပါကစားသမားအားလုံး လွဲချော်ခဲ့မယ်ဆိုရင်တော့ ဆီဗီလာကွင်းမှာ ရုန်းကန်ရတော့မှာဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ဖို့ ရင်မနေရမယ့် အနေအထားပါပဲ။