ယူနိုက်တက်ပရိသတ်တွေဟာ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်လို့ ပျော်ရွှင်ဝမ်းမြောက်နေတယ်လို့ သိရှိရပါတယ်။ အဆိုပါ ဘရန့်ဖို့ဒ်ကွင်းလယ်လူကို ယူနိုက်တက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာြဖစ်ပြီး မနေ့က ကစားသမားနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နဲ့အဲရစ်ဆင်တို့အကြား စာချုပ်သက်တမ်းက ကုန်ဆုံးခဲ့ပြီးဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အဲရစ်ဆင်နဲ့ ပုဂ္ဂိုလ်ရေးအရ အပြည့်အဝ သဘောတူညီမှုရရှိခဲ့ရင် အပြောင်းအရွှေ့က အထမြောက်ပြီလို့ဆိုရမှာပါ။ ယူနိုက်တက်ဟာ အဲရစ်ဆင်ကို တပတ်လုပ်ခ ပေါင် (၁) သိန်းခွဲနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူထားတယ်လို့လည်း သတင်းတွေကဆိုပါတယ်။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ မှာ နှလုံးရောဂါကြောင့် ကွင်းအတွင်း သတိလစ်မေ့မြောပြီး ကစားသမားဘဝကို အဆုံးသတ်ရမလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ဒိန်းမတ်ကွင်းလယ်လူဟာ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဒုတိယရာသီဝက်မှာ ဘရန့်ဖို့ဒ်နဲ့ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိနွေရာသီစျေးကွက်မှာ အဲရစ်ဆင်ကို အသင်းဟောင်းစပါးနဲ့ ယူနိုက်တက်အပါအဝင် ထိပ်တန်းအသင်းကြီးတချို့က စိတ်ဝင်စားခဲ့ပါတယ်။
အခုချိန်မှာတော့ အဲရစ်ဆင်က ယူနိုက်တက်ကို ရောက်ရှိသွားခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေက ဒီအတွက် ပျော်ရွှင်ဝမ်းမြောက်နေကြပါတယ်။ “အဲရစ်ဆင်ကိုရလိုက်လို့ အရမ်းကိုပျော်ရွှင်ပါတယ်။ သူက အရည်အချင်းရှိပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ ထိပ်တန်းကစားသမားတယောက်ပါ။ သူ့လိုလူမျိုးကို ယူနိုက်တက်မှာ လိုအပ်နေတာပါ။ ယူနိုက်တက်ကနေ ကြိုဆိုပါတယ် ဒိန်းမတ်မှော်ဆရာရေ”
“အဲရစ်ဆင်ကိုရလိုက်တာက ဘုရားသခင်ပေးတဲ့အောင်ပွဲပဲ။ ဒီနွေရာသီမှာ ဒီဂျောင်ကိုခေါ်ယူနိုင်ခဲ့ရင်တောင် အခု အဲရစ်ဆင်ကိုရလိုက်တာလောက် မပျော်ရပါဘူး” “အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရလိုက်တာ ပျော်စရာပါ။ သူ့အနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို ကန်ထုတ်လိုက်ဖို့ မျှော်လင့်ပါတယ်။ ဘရူနိုက ပွဲတော်တော်များများမှာ ကန်ထုတ်ခံသင့်နေတာပါ” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။