စပါးနဲ့ပွဲပြီး ပြောစကားအတွက် ဝေဖန်ခံနေရတာပါ။

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်းကြီး ခရစ္စဆပ်တန်က ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်မဖြစ်သင့်ဘဲ အသင်းမှာ သူ့ထက်ပိုကောင်းတဲ့ ဦးဆောင်သူ ကစားသမားတွေရှိကြောင်း ဝေဖန်လိုက်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီနွေရာသီမှာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရပါတယ်။



ပြီးခဲ့တဲ့ရာသီ မက်ဂွိုင်းရား ပုံမှန်နေရာ ပျောက်ဆုံးသွားချိန်ကတည်းက ဘရူနိုဖာနန်ဒက်စ်တစ်ယောက် ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ပွဲအများစုကို တာဝန်ယူခဲ့ရတာပါ။ ဒါပေမယ့်လည်း ဒီကစားသမားက ကွင်းအတွင်း ဒိုင်လူကြီးတွေကို အလွန်အကျူးစောဒကတက်လေ့ရှိတာကြောင့် ဝေဖန်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ စပါးကို နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း ဘရူနိုဖာနန်ဒက်စ်က ကွင်းလယ်ဒိုင်တွေအနေနဲ့ ယူနိုက်တက်ကို အဝတ်လဲခန်းထဲအထိ တရားဝင် လာရောက်တောင်းပန်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်တို့ ပထမပိုင်းမှာ ရသင့်ရထိုက်တဲ့ ပင်နယ်တီမရခဲ့တာကြောင့် အခုလိုမျိုး ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့တာပါ။

ခရစ္စဆပ်တန်ကတော့ “စပါးနဲ့ပွဲကကိစ္စအတွက် ဒိုင်လူကြီးကို လုံးဝအပြစ်တင်နေစရာ မလိုပါဘူး။ သူက ဒီပြဿနာအတွက် ထိပ်ဆုံးက တာဝန်ရှိတဲ့ ကစားသမား၊ ယူနိုက်တက်က တာဝန်ရှိတဲ့ အသင်းတစ်သင်းပါ။ ဒိုင်လူကြီးတွေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို မဝေဖန်ခင်အချိန်အထိပေါ့”

“ကျွန်တော့်အတွက်တော့ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်အသင်းခေါင်းဆောင် လုံးဝမဖြစ်သင့်ပါဘူး။ သူက ခေါင်းဆောင်နိုင်စွမ်းမရှိပါဘူး။ အသင်းခေါင်းဆောင်ဆိုတာ အောက်ခြေကနေစပြီး တာဝန်ယူရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ စပါးနဲ့ပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်တွေကို ဝေဖန်ခဲ့ပေမယ့် အက်ဖ်အေရဲ့ အရေးယူစွဲချက်တင်မှုနဲ့ ရင်ဆိုင်ရမှာ မဟုတ်ကြောင်းလည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က