မက်ဂွိုင်းရားပါ ဒဏ်ရာရသွားတာပါ။

ယူနိုက်တက် ဗဟိုနောက်ခံလူ မက်ဂွိုင်းရားဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် (၃) ပတ်ခန့် အနားယူရတော့မယ်လို့ သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒီနေ့ည ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကို စတင်လွဲချော်မှာပါ။



အဲ့ဒါကြောင့်လည်း လက်ရှိ ယူနိုက်တက်နောက်တန်းမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ ဗဟိုနောက်ခံလူတစ်ယောက်မှ မကျန်တော့ပါဘူး။ အီဗန်စ်၊ လင်ဒီလော့ဖ်၊ ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်တို့ ဒဏ်ရာပြဿနာရှိနေပြီး ကမ်ဝါလာကလည်း ကြွက်သား ဒဏ်ရာရရှိထားပါတယ်။

အီဗန်စ်ကတော့ လေ့ကျင့်ခန်းပြန်ဆင်းနေသည့်တိုင် ဒီနေ့ည ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။ အဲ့ဒါကြောင့်လည်း အရင်ကတည်းက နောက်တန်းမှာ မက်ဂွိုင်းရားနဲ့ တွဲဖက်ကစားနေတဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးက ဘယ်သူနဲ့ ဗဟိုနောက်ခံလူနေရာမှာ ကစားရမယ်ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က “ဆယ်နှစ်ကျော်အတွင်း ကျွန်တော် နည်းပြလုပ်ခဲ့တဲ့ သက်တမ်းအတွင်း ဒီလို အတွေ့အကြုံမျိုးကို တစ်ခါမှ မကြုံဖူးပါဘူး။ (၁၀) နှစ်အတွင်း ဒီလောက်များတဲ့ ဒဏ်ရာပြဿနာတွေနဲ့ အခုမှ ကြုံဖူးတာပါ။ ဒါမျိုး ထပ်ကြုံဖို့ နောက်ထပ် (၁၀) နှစ်လောက် စောင့်ရပါစေပဲ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအတွက် ရပ်ရှ်ဖို့ဒ်၊ တွမ်မီနေးတို့လွဲချော်မှာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကလည်း ကြံ့ခိုင်မှုပြဿနာနဲ့ ကြုံတွေ့နေရသည့်တိုင် ဒီပွဲမှာတော့ ကြံ့ခိုင်မှုပြည့်နေဖို့ တန်ဟက်ခ်က မျှော်လင့်ထားပါတယ်။

Share

Loading Next Article...
က္က