အာဆင်နယ်နဲ့ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာတော့ အာဆင်နယ်က ယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် အကောင်းဆုံးအခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က စောစောစီးစီး ဦးဆောင်ဂိုးရခဲ့ပြီး တာဗာရက်စ်၊ ဆာကာ၊ ချာကာတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းမှာ ရော်နယ်ဒိုရဲ့ချေပဂိုးတဂိုးကို ခွင့်ပြုခဲ့ရပြီး ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ပင်နယ်တီပေးခဲ့ရပါသေးတယ်။ ဒီပင်နယ်တီသာ ဂိုးဝင်ခဲ့ရင် တဖက်နှစ်ဂိုးစီ သရေကျသွားပြီး အာဆင်နယ်တို့ နိုင်ပွဲရဖို့ ခက်ခဲသွားနိုင်ပါတယ်။
ဒါပေမယ့် ဒီပင်နယ်တီကို ဒီနေ့ပွဲမှာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာတဲ့ ဘရူနိုဖာနန်ဒက်စ် တိုင်ထိအောင်ကန်ခဲ့တာကြောင့် အာဆင်နယ်တို့ ကံကောင်းသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒီပင်နယ်တီလွဲသွားချိန်မှာ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်က ဘရူနိုဖာနန်ဒက်စ်ရဲ့ရှေ့မှာတင် အသည်းအသန် အောင်ပွဲခံခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း ရမ်စ်ဒေးလ်နဲ့အတူ အံကိုကြိတ်၊ မာန်ပါပါနဲ့ အောင်ပွဲခံခဲ့ပြီး ပရိသတ်တွေကတော့ တချိန်တုန်းက မာတင်ကီအွန်ရဲ့အဖြစ်ကို ပြန်မြင်ခဲ့ရသလိုပဲလို့ ဆိုနေကြပါတယ်။ (၂၀၀၃) တုန်းက ယူနိုက်တက်နဲ့ အာဆင်နယ်တို့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ နစ္စတယ်ရွိုင်း ပင်နယ်တီလွဲခဲ့ပြီး အဲ့ဒီတုန်းကလည်း မာတင်ကီအွန်က နစ္စတယ်ရွိုင်းရှေ့မှာ အလားတူ အောင်ပွဲခံခဲ့တာပါ။
အခုတခါမှာတော့ အာဆင်နယ် ကစားသမားတွေအပြင် ကွင်းဘေးက နည်းပြ အာတီတာကပါ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲချော်မှုအတွက် အားကြိုးမာန်တက် အောင်ပွဲခံခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ဒီပင်နယ်တီက နှစ်သင်းလုံးအတွက် တကယ်ကို အရေးပါခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်နောက်ပိုင်းမှာ အာဆင်နယ်က ချာကာရဲ့ အနိုင်ဂိုးထပ်ရပြီး အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။