မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းသားတွေအနေနဲ့ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်ခင် ပြိုင်ဘက်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေကို လျစ်လျူရှုထားရမှာဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဖြစ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်က မန်စီးတီးဟာ ဗိုလ်လုပွဲတွေမှာ ကမ္ဘာ့အကောင်းဆုံးကစားပုံနဲ့ အသင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ် ဒါမျိုး ပြောခဲ့ပြီးတဲ့နောက်မှာ ဂွါဒီယိုလာကလည်း သူ့အသင်းသားတွေကို ပြန်လည်သတိပေးခဲ့ရတာပါ။ ဂွါဒီယိုလာက “တစ်ပွဲချင်းစီအလိုက် ဘာလုပ်ရမယ်ဆိုတာကို အာရုံစိုက်တာပဲ ကောင်းပါတယ်။ ကျန်တာ ဘာမှမပြောင်းလဲပါဘူး။ ပြိုင်ဘက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို လေ့လာရပါမယ်။ ဒါက အရေးအကြီးဆုံး ကိစ္စရပ်တစ်ခုပါပဲ”
“အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ နောက်ဆုံးနှစ်ပွဲအတွက် ကျွန်တော်တို့ ဘာလုပ်ရင် အနိုင်ရမယ်ဆိုတာကိုပဲ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ တစ်ခါတလေတော့လည်း ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းပါ။ ဒါပေမယ့် ကစားပုံမကောင်းတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါက ဘောလုံးပွဲတစ်ပွဲပါ”
“ဗိုလ်လုပွဲမှာက အခိုက်အတန့်တိုင်းက အရေးကြီးပါတယ်။ ခင်ဗျား အရင်က ဘယ်လောက်ကောင်းခဲ့တယ်၊ မကောင်းခဲ့ဘူးဆိုတာမျိုး မရှိပါဘူး။ ဒါက မိနစ် (၉၀) ပဲ ရှိပါတယ်။ တစ်ဦးချင်းအရ၊ အသင်းလိုက်အရ ဘာလုပ်ရမယ်ဆိုတာကို အသေးစိတ်ရှိရပါမယ်။ ကျွန်တော်တို့ အရင်က ဘာတွေပဲ လုပ်ခဲ့ပါစေ ဒါတွေကို ဂရုစိုက်နေလို့ မရတော့ပါဘူး”
“ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့က ယူနိုက်တက်ထက် ဒီရာသီမှ မဟုတ်ဘဲ နှစ်ပေါင်းများစွာကြာအောင် ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် အခုက တစ်ပွဲတည်းပါ။ ကျွန်တော်တို့ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံကို ပြပြီး ယူနိုက်တက်ကို အနိုင်ယူရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။