ယူရိုခြေစစ်ပွဲတွေကို မနေ့က ဆက်လက်ယှဥ်ပြိုင်ကစားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲတွေမှာတော့ အသင်းကြီးတွေထဲက ပေါ်တူဂီနိုင်ပွဲရရှိခဲ့ပြီး ဘယ်လ်ဂျီယံကတော့ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့ရပါတယ်။ ဒါ့အပြင် နော်ဝေကလည်း အိမ်ကွင်းမှာ ဟာလန်းရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် စကော့တလန်ရဲ့ နောက်ကျချေပဂိုးနဲ့ အနိုင်ဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။



ပေါ်တူဂီကတော့ ဒီယိုဂိုကော်စတာ၊ ရူဘင်ဒီယက်စ်၊ ကန်ဆယ်လို၊ ဂွါရဲရိုး၊ ဘာနာဒိုဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်စ်၊ ယာအိုဖီးလစ်၊ ရော်နယ်ဒိုတို့နဲ့ လူစုံပါဝင်လာခဲ့ပါတယ်။ ဘော့စနီးယားဘက်မှာတော့ ဂျက်ကို၊ ပီယာနစ်၊ ကိုလာဆီနစ်တို့ ပါဝင်ခဲ့ပြီး ပေါ်တူဂီကို ရင်ဆိုင်ခဲ့ပါတယ်။

ပေါ်တူဂီအတွက် အဖွင့်ဂိုးကို ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဘာနာဒိုဆေးလ်ဗားက သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းပွဲပြီးခါနီးမိနစ်တွေမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနှစ်ဂိုး ဆက်တိုက်ရရှိခဲ့ပြီး ပေါ်တူဂီတို့ အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဟာလန်း ဦးဆောင်လာတဲ့ နော်ဝေကတော့ ပထမပိုင်းမှာကတည်းက ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ပင်နယ်တီကတစ်ဆင့် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် (၈၇) မိနစ်နဲ့ (၈၉) မိနစ်တို့မှာ ဆက်တိုက် ပေးလိုက်ရတဲ့ဂိုးတွေကြောင့် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်လ်ဂျီယံကလည်း အိမ်ကွင်းမှာ သြစတြီးယားကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ဂါလာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ဘယ်လ်ဂျီယံတို့ နောက်က လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်းမှာ လူကာကူက အသင်းအတွက် ချေပဂိုး သွင်းပေးခဲ့တာကြောင့် အိမ်ကွင်းမှာ ရှုံးပွဲတွေ့မယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က