သူ့ နာမည်ကိုပဲ မှတ်မိနေတာ တော်တော် အံ့သြရပါတယ်တဲ့။

ဗေလုဝတစ်ယောက် ကျန်းမာရေးမကောင်းတဲ့အချိန်မှာ နေတိုးရဲ့ နာမည်ကို မှတ်မိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နေတိုးကိုယ်တိုင်လည်းအရမ်းကို အံ့သြရပါတယ်တဲ့။


နေတိုးဟာ သရုပ်ဆောင် ဗေလုဝရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတင်းတွေကြားပြီးကတည်းက စိတ်မကောင်းဖြစ်နေခဲ့ရတယ်လို့ ဆိုပါတယ်။ နေမကောင်းဖြစ်နေချိန်မှာ ဗေလုဝဟာ နေတိုးနာမည်ကိုပဲ မှတ်မိနေခဲ့တာပါ။အခုလို သူ့နာမည်ကိုပဲ မှတ်မိနေတာ ပတ်သက်ပြီး နေတိုးကိုယ်တိုင်လည်း အရမ်းကို အံ့သြခဲ့ ရတယ်လို့ ဆိုပါတယ်။



“ဦးဗေ ကျန်းမာရေးမကောင်းဖြစ်နေတဲ့အချိန်မှာ စိတ်မကောင်းလည်းဖြစ်မိတယ်။ ဦးဗေ အမြန်ဆုံးသက်သာပြီးတော့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ သူ့စိတ်ထဲမှာ ကိုယ့်နာမည်တစ်ခုပဲ မှတ်မိနေတယ်ဆိုတော့ စိတ်မကောင်းတော့ ဖြစ်မိတယ်။ စဉ်းစားလို့တောင် မရဘူးဖြစ်မိပါတယ်” လို့ သူကဆိုပါတယ်။ 

နေတိုးဟာ အနုပညာအလုပ်တွေ စလုပ်ကတည်းက ဗေလုဝနဲ့ ဇာတ်ကားတွေ ရိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဗေလုဝနဲ့ သူ့ရဲ့ ဆက်ဆံရေးက ပိုရင်းနှီးတယ်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့က XIMI ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

“ ဦးဗေ နဲ့ ကျွန်တော်လည်းရင်းနှီးပါတယ်။ အနုပညာအလုပ်တွေကို စတင်ဖြတ်သန်းလာတုန်းက ကျွန်တော်တို့ကို ပညာတွေလည်း အများကြီး သင်ကြားပေးခဲ့ဖူးတယ်။ ရုပ်ရှင်ဇာတ်ကားတွေ အများကြီး တွဲရိုက်ဖူးခဲ့တဲ့ သရုပ်ဆောင်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ဦးဗေနဲ့ ကျွန်တော်ကလည်း ဆွေမျိုးတွေလိုပဲ ခင်မင်မှု ရှိပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

 သရုပ်ဆောင် ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ပင်လုံဆေးရုံမှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။ ဗေလုဝရဲ့ ကျန်းမာရေးအခြေအနေအတွက် အနုပညာညီအစ်ကိုမောင်နှမတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း စိုးရိမ်ပူပန်လို့နေကြပါတယ်။ သူဟာ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာပါ။ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှုအတွက် ၃ လ အချိန်ပေးရမယ်လို့ ဗေလုဝရဲ့ သူငယ်ချင်းဖြစ်သူက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က