နာမည်ကြီး ဖုန်းတွေကို တစ်စစီ ဖြုတ်ပြီး ကလိတဲ့ JerryRigEverything ရဲ့ နောက်ထပ် ပစ်မှတ်က OPPO ရဲ့ နည်းပညာအမြင့်ဆုံး Find X ပါပဲ။
photo: Phone Arena
OPPO Find X ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ကိုယ်ထည်ကနေ အသွင်းအထုတ် လုပ်နိုင်တဲ့ mechanical slider ကင်မရာနဲ့လာတဲ့ စမတ်ဖုန်းတစ်လုံးပါ ။ ဒီဖုန်းဟာ JerryRigEverything ရဲ့ ကွေးညွတ်မှုဒဏ် စမ်းသပ်ချက်မှာတော့ ထင်သလောက် မဖြစ်ခဲ့ပေမယ့် ကင်မရာကတော့ ပြဿနာမရှိ အလုပ်လုပ်နိုင်တာာက အံ့သြစရာ ဖြစ်နေပါတယ်။
JerryRigEverything ရဲ့ YouTube ချန်နယ်မှာ ဒီဖုန်း screen ၊ sensor ၊ ကင်မရာ နဲ့ကိုယ်ထည်ကို ဓါးနဲ့ချစ်တာ ၊ မီးခြစ်နဲ့မီးတိုက်တာအပြင် ကိုယ်ထည်ကို လက်နှစ်ဖက်နဲ့စုံကိုင်ပြီး ကွေးညွတ်ကြည့်တာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး bend test လုပ်ပြီး ကွေးချိန်မှာ display ကွဲပြီး ကျွတ်ထွက်သွားပါတယ်။ display ပျက်သွားပေမယ့် အံ့သြစရာက ကင်မရာ slider က သွင်းနိုင် ထုတ်နိုင်သေးတာ ပါပဲ။
ကျောဘက် မှန်ကိုယ်ထည်ကို ခွာကြည့်ရာမှာတော့ အတွင်းမှာ ဘက်ထရီနဲ့motherboard ကို သီးသန့်ခွဲထုတ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဖုန်းကို အစွန်းနှစ်ဘက်ကနေ လက်နဲ့ကိုင်ပြီး ကွေးရာမှာ ကွေးညွတ်တဲ့ ဒဏ်ကို မခံနိုင်တာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့် OPPO Find X ဟာ ဘေင်းဘီအိပ်ကတ်ထဲမှာ အမြဲထည့်သယ်သွားမယ်ဆိုရင် ရေရှည်မှာ ကိုယ်ထည်ကွေးတဲ့ ပြဿနာ ရှိနိုင်မှာပါ။
စိတ်ဝင်စားစရာကောင်းတာက ကင်မရာ module တွေက အလုပ်လုပ်နိုင်တာ ဖြစ်ပါတယ်။ JerryRigEverything ရဲ့ အရင်တစ်ခါက Vivo NEX ကို တစ်စစီ ဖြုတ်ကြည့်ချိန်မှာလည်း camera slider က အလုပ်လုပ်နိုင်တာ တွေ့ရပါတယ်။ OPPO Find X ဟာ ကင်မရာ pop up ပွင့်ဖို့ ဝ.၅ စက္ကန့်အချိန်ယူပြီး OPPO ကတော့ ဒီကင်မရာစနစ်ဟာ အကြိမ်ပေါင်း ၃ သိန်းအထိ ပြဿနာမရှိဘဲ အသုံးပြုနိုင်မယ်လို့အာမခံထားပါတယ်။
photo: Android Authority
screen-to-body အချိုး၉၃.၈% ရှိပြီး မှန်ပြင်နေရာယူမှုအမြင့်ဆုံးဖုန်းတစ်လုံး ဖြစ်တဲ့ ဒီဖုုန်းဟာ 3D Face scanning စနစ် ၊ pop-up ကင်မရာ ၃ လုံး နဲ့Snapdragon 845 processor ပါရှိတဲ့ ထူးထူးခြားခြား flagship ဖုန်းတစ်လုံးပါ။ performance မြင့်မားပြီး နည်းပညာသစ်တွေ သုံးထားတဲ့ ဒီဖုန်းရဲ့ ကိုယ်ထည်ကွေးညွှတ်လွယ်မှုကတော့ ဂရုပြုရမှာ ဖြစ်ပါတယ်။