အန်ဆယ်လော့တီရဲ့ အသင်းအတွက်တော့ ရှုံးချက်နာခဲ့ရပါတယ်။

မနေ့က ကစားခဲ့တဲ့ လာလီဂါနောက်ကျပွဲမှာတော့ ဗယ်လက်ကာနိုက ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်ကို ဒီရာသီလာလီဂါမှာ ပထမဆုံးရှုံးပွဲရင်ဆိုင်စေခဲ့ရတာဖြစ်ပြီး ဘာစီလိုနာအတွက်လည်း အမှတ်ပေးဇယားကို ၂ မှတ်ဖြတ်ကာ ဦးဆောင်နိုင်စေခဲ့သလို လာလီဂါရှုံးပွဲမရှိတဲ့ တခုတည်းသော အသင်းအဖြစ် ရှိနေစေခဲ့ပါတယ်။ 

ပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအစ ၅ မိနစ်မှာ ဗယ်လက်ကာနိုက ဦးဆောင်ဂိုးသွင်းယူခဲ့တာပါ။ ဒါပေမယ့် ၃၇ မိနစ်မှာ ရီးရဲလ်တို့ ပင်နယ်တီရရှိခဲ့ပြီး မိုဒရစ်က ကန်သွင်းယူကာ ၄၁ မိနစ်မှာ မီလီတာအိုက တဂိုးထပ်သွင်းလို့ ၁-၂ နဲ့ ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဦးဆောင်မှုက သိပ်မကြာခဲ့ဘဲ ၄၄ မိနစ်မှာ ဗယ်လက်ကာနိုက ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ 

ဒုတိယပိုင်း ၆၇ မိနစ်မှာ ဗယ်လက်ကာနိုက ပင်နယ်တီကတဆင့် ဦးဆောင်ဂိုးပြန်ရခဲ့ကာ ပွဲပြီးချိန်အထိ အနိုင်ဂိုးကို ထိန်းနိုင်ခဲ့လို့ နိုင်ပွဲရရှိသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ လိုက်ဇစ်ကို ၃-၂ နဲ့ အရေးနိမ့်ပြီး ဒီရာသီပထမဆုံးရှုံးပွဲရင်ဆိုင်ခဲ့ရတဲ့ ရီးရဲလ်ဟာ အခုလည်း အဆိုပါရလဒ်အတိုင်း ထပ်မံအရေးနိမ့်ခဲ့ပြီး လာလီဂါမှာပါ ရှုံးပွဲတွေ့သွားခဲ့ပြီဖြစ်ပါတယ်။ 

ဘန်ဇီမာ မပါဝင်နိုင်တာကလွဲရင် ကျန်အဓိကကစားသမားအားလုံးပါဝင်ခဲ့ပေမယ့် အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ရှုံးပွဲက ဘာစီလိုနာအတွက် သတင်းကောင်းဖြစ်လာခဲ့ပြီး လာလီဂါအမှတ်ပေးဇယားအပေါ်ဆုံးကို ၂ မှတ်အသာနဲ့ တက်လှမ်းနိုင်ခဲ့ကာ ချန်ပီယံဆုအတွက် ကောင်းကောင်းကြီးဖိအားပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က