မက်ဂွိုင်းယားအတွက် ပြန်လည်ကြိုးစားမှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီး ခံစစ်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေးချေသွားဖို့ ရှိနေတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို လာမယ့်နွေရာသီမှ ပေါင်သန်း(၉၀)အထိ ပေးချေကာ ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ယူနိုက်တက်ဘက်က စိတ်ဝင်စားနေခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဂွိုင်းယားအတွက် ယူနိုက်တက်ဘက်က ပေါင် (၇၅)သန်းနဲ့ တစ်ကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့်လည်း လက်စတာစီးတီးဘက်ကတော့ ရောင်းချဖို့အတွက် ငြင်းဆိုခဲ့ပါတယ်။ ဒီအတွက် ယူနိုက်တက်ဟာ လာမယ့်ရာသီမှာလည်း မက်ဂွိုင်းယားအတွက် ပြန်လည်ကြိုးစားမှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီး ခံစစ်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေးချေသွားဖို့ ရှိနေတယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ မက်ဂွိုင်းယားက ဟူးလ်စီးတီးကနေ လက်စတာကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးတော့ လက်စတာအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ကာ အင်္ဂလန်အသင်းနဲ့လည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ အသင်းမှာ မက်ဂွိုင်ယားက ပုံမှန်ကစားခွင့် ရရှိနေတာလည်း ဖြစ်ပါတယ်။
မော်ရင်ဟိုလက်ထက်ကတည်းက မက်ဂွိုင်းယားကို ယူနိုက်တက်က ကြိုးစားခဲ့ပြီး ဆိုးလ်ရှားလက်ထက်မှာလည်း ထပ်မံစိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဗဟိုခံစစ်ပိုင်းမှာ ဗစ်တာလင်ဒီလော့ဖ်နဲ့ တွဲဖက်ပေးဖို့ မက်ဂွိုင်းယားကို ဆက်လက်ပစ်မှတ်ထားနေတာဖြစ်ပြီး ခေါ်ယူနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။
နာပိုလီနောက်ခံလူ ကူလီဘလီကိုလည်း ဆိုးလ်ရှားက စိတ်ဝင်စားနေပြီး မက်ဂွိုင်းယားကို ခေါ်ယူမရခဲ့ပါက ကူလီဘလီကို ကြိုးစားသွားမယ်လို့လည်း 90 min က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ကြိုးစားနေရတဲ့အသင်းဖြစ်ပြီး လက်ကျန်ဆုဖလားမျှော်လင့်ချက်အနေနဲ့ ချန်ပီယံလိဂ်ဖလားတစ်လုံးသာ ရှိနေပြီး ကွာတားဖိုင်နယ်မှာ ဘာစီလိုနာ နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။