ရန်ကုန် မြို့ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်မှာနေထိုင်တဲ့ဒေါ်စဖီယာဘီ(ခ)မိငယ် နဲ့ သူ့ရဲ့သားဖြစ်သူတို့ကို အောက်တိုဘာ ၃ ရက်နေ့က အထူးစုံစမ်းစစ်ဆေးရေးဌာနကနေ အရေးယူပေးဖို့ တိုင်ကြားလာတာကြောင့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေနဲ့အရေးယူလိုက်တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။
၂၀၁၄ ခုနှစ်၊ မတ်လအတွင်းက ထိုင်းနိုင်ငံအတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်မှု တွေနဲ့ ဆက်စပ်ပြီး အမှုဖွင့်လိုက်တာဖြစ်တယ်လို့ သိရပြီးသူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကို နိုင်ငံတော်ပိုင်အနေနဲ့ သိမ်းယူနိုင်တဲ့ ပုဒ်မနဲ့အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
ဒေါ်စဖီယာဘီ(ခ)မိငယ် နှင့် ၎င်း၏သား ကိုကိုနိုင်(ခ)ဟာဆန် နဲ့ ဒေါ်အိအိချိုပါ မိသားစုဝင် ၄ ဦးတို့ရဲ့အမည်များတွေနဲ့ ရန်ကုန်၊ မြဝတီနှင့် မော်လမြိုင်မြို့နယ်တို့က တိုက်ခန်း ၃ ခန်း၊ တိုက်/ပျဉ်ထောင်အိမ် ၇ လုံး၊ ဆိုင်ခန်း ၅ ခန်း၊ မြေ ၇ ကွက်၊ ဥယျာဉ်ခြံမြေ ဝ.၀၇၃ ဧက၊ လယ် ၅ ဧက၊ မော်တော်ယာဉ် ၇ စီး၊ ကမ္ဘောဇဘဏ်ပါ ဘဏ် ၇ ခုမှ ငွေစာရင်း ၄၈ ခု အတွင်းရှိ ဘဏ်လက်ကျန်ငွေ ၃၆၄,၉၉၉,၇၇၅ ကျပ် တို့သည် ငွေဖြူများ မဟုတ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီငွေနဲ့ ပစ္စည်းတွေဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရာမှ ရရှိပိုင်ဆိုင်ထားခြင်းဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ဆိုပါတယ်။
ဒါကြောင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းက တိုင်တန်းတာကြောင့် ဒေါ်စဖီယာဘီ(ခ)မိငယ်နှင့် ကိုကိုနိုင်(ခ)ဟာဆန် (ဖမ်းမိ)တို့ကို ဗဟန်းမြို့မရဲစခန်း(ပ) ၄၂၈-၄၂၉/၂၀၁၈၊ ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေပုဒ်မ ၂၃-၄၃နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိပါတယ်။