ကမ္ဘာ့ဒုတိယမြောက် Bitcoin တရားဝင်လက်ခံတဲ့ နိုင်ငံပါ

နာမည်ကျော် Cryptocurrency တစ်မျိုးဖြစ်တဲ့ Bitcoin ဟာ ဗဟိုအာဖရိကနိုင်ငံရဲ့ တရားဝင်ငွေကြေး ဖြစ်လာခဲ့ပါတယ်။

ဗဟိုအာဖရိကသမ္မတနိုင်ငံဟာ Bitcoin ကို တရားဝင်ငွေကြေးအဖြစ် ခွင့်ပြုလိုက်တဲ့ အာဖရိကရဲ့ ပထမဆုံး နဲ့ ကမ္ဘာ့ဒုတိယမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး Bitcoin ကို တရားဝင်ငွေကြေးစနစ်အဖြစ် သတ်မှတ်လိုက်တဲ့နိုင်ငံက အယ်လ်ဆာဗေဒိုနိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ်ထဲမှာ Bitcoin ကို ကန်ဒေါ်လာနဲ့အတူ တရားဝင်ငွေကြေးအဖြစ် လက်ခံကြောင်း ကြေညာခဲ့တာပါ။ 





ရွှေ ၊ ယူရေနီယံ နဲ့စိန် သယံဇာတတွေ ကြွယ်ဝပေမယ့် ဗဟိုအာဖရိကသမ္မတနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေထဲမှာ ပါပြီး နှစ်ပေါင်းများစွာ သူပုန်သကန်အရေးနဲ့ အကြမ်းဖက်မှုတွေ ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာတော့ ဗဟိုအာဖရိကအစိုးရအဖွဲ့ရဲ့ လွှတ်တော်အမတ်တွေဟာ Bitcoin ကို နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် ကန့်ကွက်သူမရှိ အတည်ပြုကြောင်း သမ္မတ ဖော်စတင် အာချိန်း တိုယာဒီရာရဲ့ ဝန်ထမ်းရေးရာအကြီးအကဲ အိုဘက်ဒ် နန်ဆီယို လက်မှတ်ထိုးထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

"ဗဟိုအာဖရိကနိုင်ငံသားတွေရဲ့ အခြေအနေတွေ မြှင့်တင်ပေးနိုင်တာကြောင့် သမ္မတဟာ ဒီဥပဒေကို ထောက်ခံလိုက်တယ်" လို့ Reuters သတင်းဌာနကို နန်ဆီယိုက ပြောပါတယ်။ 

Bitcoin ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်လိုက်တာဟာ နိုင်ငံအတွက် အခွင့်အလမ်းသစ်တွေလည်း ဖွင့်လှစ်ပေးနိုင်မယ့် ပြတ်သားတဲ့ခြေတစ်လှမ်းလို့လည်း သူက ဆိုပါတယ်။ ဗဟိုအာဖရိကနိုင်ငံဟာ ဗဟိုအာဖရိကန် CFA ဖရန့်စ်ငွေကြေးကို သုံးစွဲနေတဲ့ ၆ နိုင်ငံထဲက တစ်ခုလည်း ဖြစ်ပါတယ်။ CFA ဖရန့်စ်ငွေကြေးဟာ ဗဟိုအာဖရိကန်နိုင်ငံများဘဏ် BEAC က ထိန်းချုပ်ထားတဲ့ ဒေသသုံးငွေကြေးစနစ်လည်း ဖြစ်ပါတယ်။ 



နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းနှစ်ဦးကတော့ BEAC ရဲ့ လမ်းညွှန်ချက်မပါဘဲ Bitcoin ကို တရားဝင်ငွေကြေးသတ်မှတ်တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း စာတစ်စောင်မှာ လက်မှတ်ထိုးပေးပို့ထားပါတယ်။ ကမ္ဘာ့ပထမဆုံး Bitcoin ကို တရားဝင်ငွေကြေးအဖြစ် သုံးစွဲခဲ့တဲ့ အယ်လ်ဆာဗေဒိုကိုတော့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF အပါအဝင် စီးပွားရေးသမားအများအပြားက ဘဏ္ဍာရေးစနစ် မတည်ငြိမ်မှု ပိုတိုးလာနိုင်ကြောင်း သတိပေးထားကြပါတယ်။ 

Share

Loading Next Article...
က္က