ယူနိုက်တက် ဗဟိုနောက်ခံလူဟောင်း ရီယိုဖာဒီနန်က သူ့အတွက် လီဗာပူး တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်နဲ့ ရင်ဆိုင်ရတာ ဘာပြဿနာမှမရှိပေမယ့် ဗီဒစ်အတွက်တော့ တော်တော်လေး ခက်ခဲခဲ့တယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ လက်ရှိအချိန်မှာတော့ ဖာဒီနန်၊ ဗီဒစ်၊ တောရက်စ် သုံးယောက်လုံး ကစားသမားဘဝက အနားယူသွားခဲ့ပါပြီ။
တောရက်စ်ရဲ့ လီဗာပူး ကစားသမားဘဝ အကောင်းဆုံး အချိန်တွေမှာ ဗီဒစ်ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့ဖူးပြီး ဗီဒစ်ဟာ တောရက်စ်ရဲ့လီဗာပူးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲတွေမှာ သုံးကြိမ်တိုင်တိုင် အထုတ်ခံခဲ့ရဖူးပါတယ်။ ပြိုင်ဘက် တိုက်စစ်မှူးတိုင်း ကြောက်ရွံ့ခဲ့ရတဲ့ ဖာဒီနန်နဲ့ဗီဒစ်အတွဲကြားထဲမှာ တောရက်စ်က ထိပ်တိုက်တွေ့တိုင်း ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တာပါ။
အဲ့ဒီအချိန်က အဖြစ်တွေနဲ့ ပတ်သက်လို့ ဖာဒီနန်က “ပရီးမီးယားလိဂ်သမိုင်းရဲ့ တကယ့်ကို အကောင်းဆုံး ပါတနာတွေလို့တောင် ပြောလို့ရပါတယ်။ ကျနော် ပြောတာကို ယုံယုံကြည်ကြည်နဲ့ နားထောင်ပါ။ တိုက်စစ်မှူးတွေက တခါတလေ တောင်ပံ ထွက်ကစားပါတယ်”
“ဘာလို့လဲဆိုတော့ သူတို့က ကျနော်တို့နဲ့ မရင်ဆိုင်ချင်လို့ပါ။ တကယ်ကို စိတ်ဆိုးစရာပါပဲ။ ဒါပေမယ့် ဗီဒစ်ရဲ့ ကစားသမားဘဝကို ခက်ခဲအောင် လုပ်နိုင်တဲ့သူတယောက်ပဲရှိပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးတော့ မဖြစ်နိုင်ပါဘူး"
"ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးတွေထဲက တယောက်ဖြစ်တယ်၊ တောရက်စ်ရဲ့ ကစားဟန်က ဗီဒစ်ရဲ့ ကစားဟန်ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်”
“ဗီဒစ်လည်း တောရက်စ်နဲ့တွေ့တိုင်း မကြာခဏ အထုတ်ခံနေရတာပဲလေ။ တောရက်စ်က ထိပ်တန်းကစားသမားတယောက်၊ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တယောက်ပါ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ကျနော်နဲ့ တယောက်ချင်းတွေ့ချိန်မှာတော့ သူက ကျနော့်အတွက် ဘာပြဿနာမှ မပေးနိုင်ပါဘူး” လို့ ဖွင့်ဟပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။