လူကြိုက်များရုပ်သံစီးရီး Game of Thrones မှာ အဓိကဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Maisie Williams ဟာ လက်ရှိလူသုံးအများဆုံး Streaming ပလက်ဖောင်းဖြစ်တဲ့ Twitch မှာ သူ့ရဲ့ဂိမ်းဆော့တဲ့ Livestream ကို လွှင့်ဖို့ စိတ်ဝင်စားနေပါတယ်။
Maisie ဟာ သူမရဲ့ တွစ်တာအကောင့်ကနေ Twitch ကို ဘယ်လိုအသုံးပြုရလဲ ဆိုပြီး မေးခွန်းတင်ထားခဲ့ကာ Livestream လွှင့်ချင်တဲ့ ရည်ရွယ်ချက်ကတော့ သူမရဲ့အကြိုက်ဆုံးဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ “Animal Crossing” ကို ဆော့ပြဖို့ ဖြစ်ပါတယ်။
“Animal Crossing” ဟာ ၂၀၀၁ ခုနှစ်ထဲက စတင်ခဲ့တဲ့ ဂိမ်းစီးရီးဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့ကမှ နောက်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Animal Crossing: New Horizons ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။
အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလိပ်လူမျိုး သရုပ်ဆောင်မလေးဟာ HBO ရုပ်သံလိုင်းရဲ့ Game of Thrones စီးရီးမှာ Arya Stark အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အများစုရဲ့ အချစ်တော်ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ Lockdown ကာလမှာ ဗီဒီယိုဂိမ်းဘက်ကို ပိုပြီးအားသန်နေခဲ့ပုံပါပဲ။
သူမအနေနဲ့ ဘယ် Animal Crossing ဗားရှင်းကို ဆော့နေလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် Arya ရဲ့ ပရိသတ်ကတော့ GoT စီးရီး ပြီးဆုံးသွားတဲ့နောက် သူတို့အချစ်တော်သရုပ်ဆောင်ကို နီးနီးကပ်ကပ်မြင်ရမယ့် အခွင့်အရေးဖြစ်ပါတယ်။
Maisie ရဲ့ မေးခွန်းကို Esports နဲ့ Gaming ကျွမ်းကျင်သူတွေက ဝိုင်းဝန်းကူညီကြပေမယ့် လောလောဆယ်တော့ သူမအနေနဲ့ အပြည့်အဝနားလည်သေးပုံမပေါ်ပါဘူး။ ဒါပေမယ့် နည်းပညာကုမ္ပဏီတွေက အကူအညီပေးကြရင်တော့ သူမရဲ့ Stream ထုတ်လွှင့်မှုကို မကြာခင်မြင်ရတော့မှာပါ။