ဇာတ်ကားတစ်ကားရိုက်ရင် ကုသိုလ်ရပါတယ်။

ညီထွဋ်ခေါင်က ဗီဒီယိုဈေးကွက်ပျက်တဲ့ အနေအထားတစ်ခုမှာ ကိုယ်တိုင်လည်း အခက်အခဲကို ရင်ဆိုင်နေရတယ် လို့ပြော ပါ တယ်။ ဒီဈေးကွက် ကို အားထားနေရတဲ့ သရုပ်ဆောင်တွေ၊ ဇာတ်ပို့ဇာတ်ရံ တွေနဲ့  စက်အဖွဲ့သား တွေ ရဲ့ စားဝတ်နေရေး အခြေအနေကလည်း အခက်အခဲတွေ ဖြစ်နေတဲ့အကြောင်းရင်ဖွင့်ပြောပြလာပါတယ်။

 

ဗီဒီယို ဇာတ်ကားတွေကနေ ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင်ညီထွဋ်ခေါင်က ဗီဒီယိုဈေးကွက် ပျက်နေတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောပြလာပါတယ်။ ဗီဒီယိုလောကကို မှီခိုနေတဲ့ လောကသားတွေအနေနဲ့ အလုပ်အကိုင်တွေ နည်းပါးသွားတဲ့ အခြေအနေမှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

''ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဒီလို အခြေအနေမျိုး ရင်ဆိုင်နေရပါတယ်။ အခုက Channel လိုင်းတွေကလည်းအရမ်းများလာတော့ ကြည့်စရာ တွေကလည်း အများကြီးဖြစ်လာတယ်။ ဒီဗီဒီယို ပျက်သွားရခြင်း အကြောင်းအရင်းတွေကလည်း အများကြီးရှိပါတယ်။ ဒါကိုလည်း ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ အခွေငှားဆိုင်တွေနဲ့ ကိုယ်စားလှယ်ကို အရင်ကနဲ့မတူတဲ့ အခွင့်အရေးတွေ ပေးနေတယ်'' လို့ ဆိုပါတယ်။

ဗီဒီယိုဈေးကွက် ပျက်ပြားနေချိန်မှာ အခွေငှားဆိုင်တွေအနေနဲ့ အဆင်မပြေမှုများစွာ ကြုံတွေ့နေရတာကြောင့် အခွေငှားဆိုင် အရေအတွက် လည်းလျော့နည်းသွားတယ်လို့ ညီထွဋ်ခေါင်က ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် ဗီဒီယိုဇာတ်ကားပေါင်းများစွာ ကြည့်လို့ရမယ့် Mobile App တွေ ကိလည်း အောင်မြင်စေချင်ကြောင်းဆိုပါတယ်။

''မဟာကလုပ်သွားသလိုမျိုး Mobile App တွေကိုလည်းအောင်မြင်စေချင်တယ်၊ အောင်မြင်ခဲ့ရင်လည်း ကျွန်တော်တို့အတွက် အခွင့်အရေးလေး ရလာမယ်လို့ မျှော်လင့်ပါတယ်။ APP တွေမှာကြည့်တဲ့ ဇာတ်ကားတွေ ဟောင်းသွားပြီဆို အသစ်ရိုက်လာရတော့မှာလေ၊ အဲ့ဒါဆိုရင် ဗီဒီယိုများ ပြန်ရိုက်ခွင့်ရမလားဆိုတဲ့ စိတ်လေးနဲ့တော့ မျှော်လင့်မိပါတယ်'' လို့ သူကပြောပါတယ်။

 

ညီထွဋ်ခေါင်ဟာ ဗီဒီယိုဈေးကွက်ကို အခွင့်အရေးရရင် ရသလောက် အောင်မြင်စေချင်တယ်လို့ပြောပါတယ်။ ဗီဒီယို ဇာတ်ကားတစ်ကား ရိုက်ခြင်းဟာ လောကသားတွေရဲ့ အိမ်ထောင်စု ၂၀ စာ စားဝတ်နေရေးအဆင်ပြေနိုင်တဲ့အကြောင်း ဇူလိုင်လ ၂၉ရက်နေ့က သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။

'' ဗီဒီယိုဈေးကွက်လေးကိုတော့ ရသလောက်ဆက်သွားချင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဗီဒီယိုဇာတ်ကားတစ်ကားရိုက်ရင် ကုသိုလ်အများ ကြီးရပါတယ်၊ အကျဉ်းလေးရိုက်တယ်ဆိုရင်တောင်မှ ဇာတ်ပို့ဇာတ်ရံ၊ စက်အဖွဲ့ သားတွေ စတဲ့ မိသားစု ၂၀ စာပေါ့ သူတို့အတွက် တစ်ပတ် စာစားဝတ်နေရေးအဆင်ပြေတယ်၊ အဲ့ဒီကုသိုလ်လေးပါ'' လို့ သူကပြောပါတယ်။

 

အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေဆက်တိုက် ရိုက်ကူးနေရ ပေမယ့် လည်း ကာရိုက်တာ ရွေးချယ်ခွင့် မရှိသေးဘူးလို့ ညီထွဋ်ခေါင်က ပြောပါတယ်။ သူ့အတွက် အနုပညာ လမ်းကြောင်းလေးတစ်ခု ပေါ်ရောက်လာ ပြီဆိုပေမယ့် ဗီဒီယိုဈေးကွက် ပျက်နေတဲ့ အနေအထားကြောင့် ဘာဆက်လုပ်ရမှန်းမသိဘူးလို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က