အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေထဲမှာ ဝန်ထမ်းလျှော့တာ ၊ အလုပ်သစ်ခေါ်ဆိုမှုရပ်ဆိုင်းတာတွေ ရှိနေသလို တချို့တွေကျတော့လည်း လုပ်ခလစာ တိုးပေးလာတာတွေ ရှိပါတယ်။
Facebook မိခင်ကုမ္ပဏီ Meta ဆိုရင် ဒီနှစ်ထဲ ဝန်ထမ်းသစ် မခန့်တော့ဘူးလို့ ဆိုပါတယ်။ အလုပ်သမားသမဂ္ဂဖွဲ့ဖို့ ကြိုးစားနေတဲ့ ဝန်ထမ်းတွေကို Apple ကတော့ တစ်နာရီလုပ်ခ လစာတိုးပေးလိုက်ပါတယ်။ အမေရိကန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီကြီး ၅၀၀ ရဲ့ စွမ်းဆောင်မှုကို ခြေရာခံနေတဲ့ S&P 500 ကုမ္ပဏီတွေရဲ့ လစာပေးနှုန်း Pay Levels ကို လေ့လာတဲ့ လေ့လာမှုတစ်ခုအရ Apple ဟာ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့နှစ်ကထက် လစာ ၁၈% တိုးပေးထားတယ်လို့ ဆိုပါတယ်။
ဒါဟာ အညွှန်းအရ S&P ကုမ္ပဏီ ၅၀၀ စာရင်းဝင် အများစုထက် သိသိသာသာ များတာပဲ ဖြစ်ပါတယ်။ The Wall Street Journal (WSJ) ဟာ S&P 500 Analysis ကို လေ့လာပြီး ကုမ္ပဏီတစ်ခုချင်းစီရဲ့ ပျမ်းမျှလစာပေးနှုန်းကို လေ့လာခဲ့ပါတယ်။ WSJ ရဲ့ လေ့လာမှုအရ ၂၀၂၁ ထဲမှာ Apple ရဲ့ ပျမ်းမျှ အလယ်အလတ်တန်း တစ်နှစ်လုပ်ခလစာဟာ ၆၈၂၅၄ ဒေါ်လာ ရှိခဲ့ပြီး ဒါဟာ ၂၀၂၀ ကထက် ၁၈% ပိုများခဲ့တာလို့ ဆိုပါတယ်။
တစ်ခုရှိတာက Apple ဟာ လက်လီနဲ့ ကော်ပိုရိတ်အကြား လစာပေးနှုန်း ခွဲခြားထားတာဖြစ်လို့ လက်လီဘက်က ပျမ်းမျှ လစာဟာ သိသိသာသာ နည်းနေပြီး ကော်ပိုရိတ်ဘက်က အတော်လေး မြင့်နေတယ်လို့လည်း လေ့လာမှုက ဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ်အကုန်အထိ Apple မှာ ဝန်ထမ်းပေါင်း ၁၅၄၀၀၀ ဝန်းကျင် အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ Big Tech တွေထဲမှာ Google ရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ Alphabet နဲ့ Meta က ပျမ်းမျှ တစ်နှစ် လုပ်ခလစာအမြင့်ဆုံး ပေးတဲ့ ကုမ္ပဏီတွေအဖြစ် ရပ်တည်နေပါတယ်။
Wall Street Journal ရဲ့ အဆိုအရ Alphabet နဲ့ Meta Platforms Inc တို့ဟာ အလယ်အလတ်တန်း ဝန်ထမ်းတွေကို အမြင့်ဆုံး ဒေါ်လာ ၃ သိန်းနီးပါး ပေးထားကြတယ်လို့ ဆိုပါတယ်။ S&P 500 စာရင်းဝင် ကုမ္ပဏီတွေထဲက ကုမ္ပဏီ ၁၅၀ နီးပါးက သူတို့အလယ်အလတ်တန်း ဝန်ထမ်းတွေဟာ ဒေါ်လာ ၁ သိန်းကျော် ရတယ်လို့ ပြောထားပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုက S&P 500 ကုမ္ပဏီတွေထဲမှာ လစာအမြင့်ဆုံးပေးတဲ့ ကုမ္ပဏီ ၁၀ ခု စာရင်းမှာ Apple ပါမလာခြင်းပဲ ဖြစ်ပါတယ်။ အောက်မှာ ပျမ်းမျှ လစာပေးမှုအများ/အနည်းအလိုက် Rank စီပေးထားပါတယ်။
(၁) Alphabet (Google) - ၂၉၅၈၈၄ ဒေါ်လာ
(၂) Facebook (Meta) - ၂၉၂၇၈၅ ဒေါ်လာ
(၃) Twitter - ၂၃၂၆၂၆ ဒေါ်လာ
(၄) Etsy - ၂၃၁၃၃၈ ဒေါ်လာ
(၅) Nvidia - ၂၁၇၅၄၂ ဒေါ်လာ
(၆) Netflix - ၂၀၁၇၄၃ ဒေါ်လာ
(၇) Citrix Systems - ၂၀၁၅၄၀ ဒေါ်လာ
(၈) Salesforce - ၁၈၁၆၁၂ ဒေါ်လာ
(၉) Intuit - ၁၇၆၃၄၂ ဒေါ်လာ
(၁၀) Autodesk - ၁၃၇၀၄၂ ဒေါ်လာ
အလယ်အလတ်တန်းရာထူးနဲ့ အလုပ်လုပ်တဲ့ S&P 500 စာရင်းဝင် ကုမ္ပဏီဝန်ထမ်းတွေထဲမှာ လစာအနည်းဆုံးက ကားပစ္စည်းအစိတ်အပိုင်း တင်သွင်းတဲ့ Aptiv PLC ဝန်ထမ်းတွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့ လစာဟာ ဒေါ်လာ ၇၅၀၀ အောက်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။ Aptiv ဟာ လစာ ဒေါ်လာ ၃ သောင်းအောက်ပဲ ရတဲ့ ကုမ္ပဏီ ၄၄ ခုထဲက တစ်ခုလည်း ဖြစ်ပါတယ်။