အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကတော့ အာဂျင်တီးနားအသင်းဖော် လီယွန်နယ်မက်ဆီသာ သူတို့အသင်းကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ပျော်ရွှင်နေစေရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မက်ဆီသာ အမှန်တကယ်လာမယ်ဆိုရင် သူ့ရဲ့ လစာကို လျှော့ယူပေးပြီး မက်ဆီကိုပေးရမယ့် လစာထဲကို စိုက်ပေးမယ်လို့လည်း အခိုင်အမာပြောဆိုသွားပါသေးတယ်။
မက်ဆီကတော့ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲဖို့ နိးစပ်နေပြီး ဆော်ဒီကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ အသင်းဟောင်းဘာစီလိုနာကလည်း သူ့ကိုပြန်ခေါ်ချင်နေပေမယ့် လုပ်ခလစာပြသနာရှိနေတာကြောင့် မက်ဆီက ကမ္ဘာ့လုပ်ခလစာအများဆုံးရသူ ဖြစ်လာစေမယ့် ဆော်ဒီလိဂ်ကိုသာ ရွေးချယ်မယ်လို့ ယူဆရပါတယ်။
မာတီနက်ဇ်က "သူ ပီအက်စ်ဂျီကနေ ထွက်မယ်ဆိုရင် အက်စတွန်ဗီလာအတွက် သူ့ကို ခေါ်ချင်တယ်၊ သူ့ကို ကျနော် ကောင်းကောင်းပြုစုမှာပါ၊ ရက်သတ္တပတ်တိုင်းမှာ အားလုံးက အာဂျင်တီးနားအလံငယ်လေးတွေနဲ့ သူ့ကို အားပေးနေမှာဖြစ်ပြီး သူလည်း ပျော်ရွှင်စရာ အချိန်ကောင်းတွေကို ပိုင်ဆိုင်နေမှာပါ"
"သူသာ တကယ်ပြောင်းလာမယ်ဆိုရင် ကျနော့်လစာကို လျှော့ယူပေးပါ့မယ်" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက မာတီနက်ဇ်ရဲ့ ဆန္ဒသာဖြစ်ပြီး ဖြစ်လာနိုင်ချေကတော့ နည်းပါတယ်။ ဗီလာက ပရီးမီးယားလိဂ်မှာ အလယ်အလတ်အသင်းလို့ ဆိုနိုင်ပြီး ဒီရာသီမှာလည်း အူနီုင်းအမ်မရီလက်အောက်မှာ တော်တော်လေးခြစွမ်းကောင်းမွန်တဲ့ အသင်းတသင်းအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။