ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက်ကို လိုက်မီဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်ဟာ အိမ်ကွင်းမှာ ဗီလာကို ခက်ခက်ခဲခဲ ကစားသွားခဲ့ရပါတယ်။ အိမ်ကွင်းအန်ဖီးလ်ဖြစ်ပေမယ့်လည်း လီဗာပူးလ်တို့ ရုန်းကန်ခဲ့ရပြီး ဗီလာက ပထမပိုင်းမှာ တော်တော်လေးမာကျောတဲ့ ကစားဟန်ကို ပြသခဲ့ကာ လီဗာပူးလ်တို့ အခက်တွေ့ခဲ့ရပါတယ်။
ကလော့ပ်ကလည်း ပွဲပယ်ခံထားရလို့ အနိးကပ်မကြီးကြပ်နိုင်ခဲ့ဘဲ လီဗာပူးလ်ကစားပုံက အရင်ပွဲတွေထက် နည်းနည်းဆိုးရွားခဲ့တာပါ။ ဗီလာက ပင်နယ်တီရရှိခဲ့ပြီး ဝတ်ကင်းစ် ကန်သွင်းခဲ့ပေမယ့် မဝင်ခဲ့လို့ လီဗာပူးလ်တို့ ကံကောင်းခဲ့ရပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဂျက်ကော့ရမ်ဆေးက လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီးတော့ အပိုင်ပိတ်သွင်းကာ ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။
ပထမပိုင်းတပိုင်းလုံး လီဗာပူးလ်တို့ ဂိုးပေါက်တည့်မတ်မှုတကြိမ်တောင်မရှိခဲ့တဲ့အထိ ဗီလာက သူတို့ကို ခံကစားနိုင်ခဲ့တာပါ။ ဒါကြောင့် ဒုတိယပိုင်းမှာ လီဗာပူးလ်က ကစားအားတင်လာခဲ့ပြီး ဆက်တိုက်ဖိအားပေးခဲ့ကာ ဂက်ခ်ပိုရဲ့ အနီးကပ်ပိတ်သွင်းချက်နဲ့ ချေပဂိုးပြန်ရခဲ့ပေမယ့် VAR ပြန်ကြည့်ကာ ဂိုးမပေးခဲ့လို့ လီဗာပူးလ်တို့ ကံဆိုးခဲ့ရပါတယ်။
လီဗာပူးလ်က တိုက်စစ်ကို တော်တော်လေးအားထည့်ကစားခဲ့ပေမယ့် ဂိုးရဖို့ကတော့ တော်တော်မလွယ်ခဲ့တာပါ။ ဆာလာလည်း ရုန်းကန်ပေးခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်မှု၊ ထိရောက်တဲ့ ပေးပို့မှုတွေ လုပ်နိုင်စွမ်းနည်းပါးခဲ့တာတွေက သူတို့ကို အိမ်ကွင်းမှာပဲ ဖိအားတွေ ဝင်နေစေခဲ့ပါတယ်။
လီဗာပူးလ်က တိုက်စစ်ဆင်ပုံကောင်းပေမယ့် ဗီလာဂိုးဧရိယာထဲမှာတော့ အခွင့်အရေးမရသလောက်ဖြစ်ခဲ့သလို သူတို့ရဲ့ ကန်သွင်းချက်တွေကိုလည်း မာတီနက်ဇ်က ကာကွယ်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်တို့ တိုက်စစ်ဆင်ရင်းနဲ့ပဲ အချိန်ကုန်နေရာကနေ လူစားဝင်လာတဲ့ ဖာမီနိုက ပွဲပြီးခါနီးမှာ ချေပဂိုးသွင်းပေးခဲ့လို့ မျှော်လင့်ချက်တွေ ပြန်တောက်ပခဲ့ပါတယ်။ နာကျင်အချိန်ပို ၁၀ မိနစ်မှာ လီဗာပူးလ်က ဆက်တိုက်ကို ဖိကစားခဲ့ပြီး ဂိုးမရခဲ့လို့ ၁-၁ ဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က မှေးမှိန်ခဲ့ပြီဖြစ်ပါတယ်။