ပြည်တွင်းက ကလပ်တွေနဲ့ မယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိဘူးလို့ ပြောခဲ့တာပါ။

အက်စ်တန် ဗီလာနည်းပြ စတီဗင် ဂျရတ်က ပရီးမီးယားလိဂ်မှာ အမှန်တကယ် ယှဉ်ပြိုင်နိုင်တဲ့အသင်းဖြစ်လာဖို့ အသင်းအတွက် ရည်မှန်းချက်ထားရှိထားပါတယ်။

စတီဗင် ဂျရတ်က လက်စတာစီးတီးကို အမှတ်ပေးဇယား အဆင့် ၁၀ အတွင်း ရပ်တည်နိုင်အောင်နဲ့ ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်နိုင်အောင် နည်းပြပေးခဲ့တဲ့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ ခြေရာအတိုင်း လိုက်နင်းပြီး အသင်းကို ဥရောပဝင်ခွင့်ရရှိအောင် ပြုလုပ်ပေးသွားဖို့ ရည်မှန်းချက် ထားထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အက်စ်တန် ဗီလာဟာ ဥရောပဖလားကို အနိုင်ရရှိဖူးတဲ့ အင်္ဂလိပ်ကလပ် ၅ သင်းထဲက တစ်သင်းဖြစ်ပြီး ၁၉၈၂ ခုနှစ်မှာ ဥရောပဖလားကို ကိုင်မြှောက်နိုင်ခဲ့ပေမယ့် ၂၀၀၉-၂၀၁၀ ရာသီအစကတည်းက ဘယ်ဥရောပပြိုင်ပွဲမှာမှ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။



ဂျရတ်က လီဗာပူးလ်အသင်းဖော်ဟောင်းဖြစ်တဲ့ ဂျေမီ ကာရေဂါကို ရှေ့က နည်းပြအဖြစ် တာဝန်ယူသွားတဲ့ ဒင်း စမစ် အုတ်မြစ်ချသွားတဲ့အပေါ်မှာ ဆက်လက် တည်ဆောက်သွားမယ့် ၎င်းရဲ့အစီအစဉ်တွေကို ပြောကြားခဲ့ပါတယ်။ "ဒင်းက ဒီမှာ ထူးခြားဆန်းကြယ်တဲ့အလုပ်အချို့ကို လုပ်ခဲ့ပါတယ်။ အဲဒီတော့ ပြောင်းလဲစရာ အများကြီးရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ ခင်ဗျား ဒီကိုရောက်လာပြီး ရှိနေတဲ့ဝန်ထမ်းတွေနဲ့ စကားပြောတဲ့အခါမှာ အားလုံးက ဒင်းမစ်နဲ့ပတ်သက်ပြီး ကောင်းကြောင်း ပြောခဲ့ကြပါတယ်"

"အကုန်လုံးက တလွဲတွေချည်းပဲ ဖြစ်ခဲ့တယ်လို့ ကျွန်တော် ပြောစရာ ဘာမှကို မရှိခဲ့တာပါ။ သူ လုပ်ခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့အလုပ်အချို့နဲ့ သူ ခေါ်ခဲ့တဲ့ ထိပ်တန်းကစားသမားတွေပဲ ရှိခဲ့တာပါ။ ကစားသမားသစ် စုဆောင်းမှုက ကောင်းမွန်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီအပေါ်မှာ ဘယ်လိုတိုးတက်အောင်လုပ်နိုင်မလဲနဲ့ ဘယ်လိုအံဝင်အောင် လုပ်နိုင်မလဲဆိုတာပဲ ရှာဖွေရမှာပါ။ ကျွန်တော် ၅ ပွဲဆက်တိုက် ရှုံးပွဲတွေ့ထားတဲ့ အသင်းကို လာခဲ့ရတာဖြစ်ပေမယ့် စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ပြောရမယ်ဆိုရင် သူတို့ အဲဒီလိုဖြစ်ဖို့ မထိုက်တန်ခဲ့ပါဘူး"

"အခုတော့ ဒင်း လုပ်ခဲ့တဲ့အပေါ်မှာ တည်ဆောက်ဖို့နဲ့ အသင်းကို နောက်တဆင့် ပို့ဆောင်ပေးသွားဖို့ လုပ်ရမှာပါ။ ကျွန်တော် ပရိသတ်တွေကို ကောင်းမွန်တဲ့ အမှတ်တရအချို့နဲ့ ကောင်းမွန်တဲ့အချိန်အချို့ပေးဖို့ထက်ပိုပြီး ဘာကိုမှ မနှစ်သက်နိုင်တော့ပါဘူး။ ကျွန်တော်တို့ အားလုံးအတွက် ဒါက စိန်ခေါ်မှုဖြစ်ပြီး အသင်းက အဲဒီစိန်ခေါ်မှုကို အောင်မြင်အောင်လုပ်ဖို့အတွက် အရန်သင့်လုပ်ထားပြီးသားလို့ ခံစားရပါတယ်။ ကျွန်တော်တို့ လမ်းမလျှောက်နိုင်ခင် ဝမ်းလျားသွားရပြီး အရာအနည်းငယ်ကို အရင်ဆုံး ပြင်ဆင်ဖို့ လိုအပ်ပါတယ်"

"ကျွန်တော် ဒီအလုပ်ကို လက်မခံခင် အခု ဥရောပပြိုင်ပွဲမှာ တစ်စိတ်တပိုင်းပါဝင်နေကြတဲ့ ဝက်စ်ဟမ်းနဲ့ လက်စတာစီးတီးတို့လိုမျိုး အသင်းတွေကို ကြည့်မိခဲ့ပါတယ်။ ဗီလာလိုမျိုးအသင်းက ဥရောပပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်တာကြောင့် ကျွန်တော်တို့ အဲဒီလို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ပြည်တွင်းအသင်းတွေကို ယှဉ်ပြိုင်နိုင်ရမှာဖြစ်ပြီး ဘာကြောင့်မှ မယှဉ်ပြိုင်နိုင်ဖို့ အကြောင်းအရင်း ရှာမတွေ့ပါဘူး။ အဲဒါက လက်တွေ့ကျတဲ့ ရည်မှန်းချက်ဖြစ်ပြီး ပစ်မှတ်လည်း ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

စတီဗင် ဂျရတ်ရဲ့ အက်စ်တန် ဗီလာဟာ ယနေ့ညမှာ ဘရန်ဒန် ရော့ဂျားစ်ရဲ့ လက်စတာကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ လီဗာပူးလ်မှာ ဆရာတပည့်အဖြစ်ရော စကော့တလန်ပရီးမီးယားရှစ်မှာ ပြိုင်ဘက်နည်းပြအဖြစ်နဲ့ပါ ဆုံတွေ့ခဲ့ကြခဲ့ဖူးတဲ့သူတွေဖြစ်ပါတယ်။ ဂျရတ်နဲ့ ရော့ဂျားစ်တို့ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာက ပထမဆုံး အိုးလ်ဒ်ဖမ်းဒါဘီမှာ ဆုံတွေ့ခဲ့ချိန်မှာ ဆဲလ်တစ်က ၁-၀ နဲ့ ကပ်နိုင်သွားခဲ့တာဖြစ်ပြီး နောက်ထပ်လအနည်းငယ်အကြာ ဒီဇင်ဘာမှာ နောက်ထပ်တစ်ကြိမ် ပြန်လည်ဆုံတွေ့ချိန်မှာလည်း ဆဲလ်တစ်ကပဲ ရိန်းဂျားစ်အိမ်ကွင်းမှာ ၁-၀ နဲ့ ထပ်မံအနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ခရစ်စမတ်အပြီးမှာ ပြန်လည်တွေ့ဆုံချိန်မှာတော့ အနိုင်ရရှိဖို့ ရေပန်းအစားဆုံးအသင်းဟာ ဂျရတ်ရဲ့ရိန်းဂျားစ်တွေ ဖြစ်နေခဲ့ပြီး အဲဒီပွဲမှာတော့ ရိန်းဂျားစ်တွေက ဘရန်ဒန် ရော့ဂျားစ်ရဲ့ ဆဲလ်တစ်ကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။ ဘရန်ဒန် ရော့ဂျားစ်အတွက် အဲဒီရှုံးပွဲက အချက်ပေးသင်္ကေတဖြစ်လာခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ လက်စတာစီးတီးက နည်းပြ ကလောက်ဒ် ပူရယ်ကို ထုတ်ပယ်ပြီးနောက် ဘရန်ဒန် ရော့ဂျားစ်လည်း ဆဲလ်တစ်ကို ရုတ်တရက် လမ်းခွဲသွားခဲ့တာကြောင့် ဂျရတ်နဲ့ ဘရန်ဒန် ရော့ဂျားစ်တို့ရဲ့ ယှဉ်ပြိုင်မှုဟာ တစ်ခန်းရပ်ခဲ့တာဖြစ်ပါတယ်။ 

Share

က္က