အာဆင်နယ်တို့ ငါးပွဲဆက်အနိုင်ရရှိခဲ့တာပါ။

အာဆင်နယ်ပရိသတ်တွေဟာ မနေ့ညက အက်စတွန်ဗီလာကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမ်းမရိတ်စ်ကွင်းအပြင်ဘက်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက် အောင်ပွဲခံခဲ့ပါတယ်။ အာဆင်နယ်အတွက် ဒီနိုင်ပွဲက ရာသီအဖွင့်ငါးပွဲဆက်တိုက် နိုင်ပွဲဖြစ်ခဲ့ပြီး အသင်းက ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ဆဲဖြစ်ပါတယ်။



ဒါ့အပြင် ဒီလိုမျိုး ရာသီအဖွင့်ငါးပွဲဆက်တိုက် အနိုင်ရရှိတာက (၂၀၀၄-၀၅) နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေက ဗီလာနဲ့ပွဲအပြီးမှာ အကြီးအကျယ်အောင်ပွဲခံခဲ့တာဖြစ်ပြီး ဒီအပေါ်မှာတော့ အချို့သောပရိသတ်တွေက ဝေဖန်နေကြပါတယ်။ အာဆင်နယ်ဟာ ရာသီအဖွင့်မှာ ခရစ္စတယ်ပဲလေ့စ်၊ လက်စတာ၊ ဘုန်းမောက်၊ ဖူလ်ဟမ်နဲ့ ဗီလာတို့ကို အနိုင်ရရှိခဲ့တာပါ။


ဘုန်းမောက်နဲ့ဖူလ်ဟမ်တို့က တန်းတက်အသင်းတွေဖြစ်ပြီး ကျန်တဲ့အသင်းတွေကလည်း သူတို့ထက် အင်အားနည်းတဲ့ အသင်းတွေလို့ဆိုနိုင်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်ကို နောက်ကလိုက်ကစားပြီး အနိုင်ရရှိခဲ့တုန်းကလည်း အသည်းအသန်အောင်ပွဲခံခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိ BeIN Sports ရဲ့ အင်္ဂလိပ်အားကစား အစီအစဥ်တင်ဆက်သူဖြစ်တဲ့ ရစ်ချက်ကီးစ်က အခုလိုပဲဝေဖန်ခဲ့ဖူးပါတယ်။

ကီးစ်က “စိတ်အေးအေးထားကြပါ။ ဒါ ဖူလ်ဟမ်ပဲရှိသေးတာပါ။ သူတို့က တခါတည်းနဲ့ကို အောင်ပွဲခံတော့တာပဲ။ ကောင်းကောင်းကစားခဲ့တာ ဟုတ်ပါတယ်။ အရှုံးကနေပြန်လာခဲ့ပြီး သူတို့ရဲ့ ရာနှုန်းပြည့်နိုင်ပွဲစံချိန်ကို ထိန်းနိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့ ပရီးမီးယားလိဂ်ဖလားရသွားတာမဟုတ်ပါဘူး။ လန်ဒန်ဒါဘီပွဲနိုင်တာပါ။ အခုမှ ရာသီအစ လေးပွဲပဲရှိပါသေးတယ်”

“ပျော်တာက ပျော်လို့ရပါတယ်။ ဒါပေမယ့် ကျနော်ကတော့ နားမလည်ပါဘူး။ သူတို့က ဖူလ်ဟမ်ကိုနိုင်တာ။ ဘာဖလားမှရတာလည်း မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ ကီးစ်က ဒီလိုပြောလို့ပဲ အာဆင်နယ်ပရိသတ်တွေက အရွဲ့တိုက်ပြီး အခုလိုမျိုး ဗီလာနဲ့ပွဲအပြီးမှာ အခုလိုပဲ မီးရှူးမီးပန်းတွေပါဖောက်ကာ အောင်ပွဲခံခဲ့တာလည်းဖြစ်နိုင်ပါတယ်။ 

Share

Loading Next Article...
က္က