အစားအစာတွေကို ဆော့နဲ့ တွဲဖက်ကစားသုံးခြင်းမပြုဖို့ ဂျရတ်က ပိတ်ပင်လိုက်တာဖြစ်ပြီး ဒါဟာ စပါးအသင်းမှာ နည်းပြကွန်တီပြုလုပ်နေတဲ့ နည်းလမ်းနဲ့ ဆင်တူနေတာလည်းဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းနည်းပြသစ်စတီဗင်ဂျရတ်က အသင်းသားတွေကို ဆော့ မစားဖို့အတွက် တားမြစ်ထားတာမှန်ကန်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ကစားသမားတွေစားသောက်မယ့် အစားအစာတွေကို ဆော့နဲ့ တွဲဖက်ကစားသုံးခြင်းမပြုဖို့ ဂျရတ်က ပိတ်ပင်လိုက်တာဖြစ်ပြီး ဒါဟာ စပါးအသင်းမှာ နည်းပြကွန်တီပြုလုပ်နေတဲ့ နည်းလမ်းနဲ့ ဆင်တူနေတာလည်းဖြစ်ပါတယ်။
ရိန်းဂျားကနေ ဗီလာကို ရောက်ရှိလာခဲ့တဲ့ ဂျရတ်ဟာ မကြာခင်မှာ အသင်းသစ်အတွက် ပွဲဦးထွက်ပွဲကို ကိုင်တွယ်ပေးရတော့မှာဖြစ်ပြီး ဘရိုက်တန်နဲ့ အဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကစားသမားတွေနဲ့အတူ လေ့ကျင့်မှုတွေလည်း စတင်ပြုလုပ်ခဲ့ကာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိဖို့အတွက် ဂျရတ်ဘက်က အစားအသောက်စားသုံးမှုပုံစံကအစ ဂရုစိုက်နေတာလည်းဖြစ်ပါတယ်။
ဗီလာနည်းပြဘ၀ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂျရတ်က "သူတို့စားတာကို မတွေ့ခင် ကျွန်တော်အရင်တားမြစ်လိုက်တာပါ၊ ကစားသမားတွေက မှန်ကန်တဲ့ စိတ်ဓာတ်အခြေအနေရှိရပါမယ်၊ တိုးတက်မှုတွေရှိနေရမှာဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ ဘ၀အခြေအနေကို ပိုင်ဆိုင်ဖို့လည်း ကြိုးစားရမှာပါ" လို့ ပြောဆိုပြီး ဆော့ စားသုံးခြင်းမလုပ်ဖို့ တားမြစ်ထားတာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဗီလာကတော့ ဘရိုက်တန်နဲ့ပွဲအပြီးမှာ ပဲလေ့စ်၊ မန်စီးတီး၊ လက်စတာ၊ လီဗာပူးလ်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်ပြီး ဂျရတ်အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်းဟာ အသင်းဟောင်းနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ရင်ဆိုင်ရဖို့ရှိနေကာ လက်ရှိခြေစွမ်းပြနေတဲ့ အသင်းတွေနဲ့ ဆက်တိုက်တွေ့ဆုံရမှာမို့ သူ့ရဲ့ ပရီးမီးယားလိဂ်နည်းပြဘ၀အစကတော့ တော်တော်လေးတော့ ခက်ခဲကြမ်းတမ်းနေပါတယ်။