ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သရေကျခဲ့အပြီး ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် နောက်ဆုံးပွဲစဉ်မှာ အဆုံးအဖြတ်ကစားရဖို့ရှိခဲ့တဲ့နောက် နည်းပြဂွာဒီယိုလာက အဆိုပါပွဲကို အသည်းပေါက်မတတ်ကစားသွားမယ်လို့ ကတိပေးလိုက်ပါတယ်။ မန်စီးတီးဟာ ဝက်စ်ဟမ်းကို မထင်မှတ်ဘဲ သရေကျခဲ့အပြီး လီဗာပူးလ်ကသာ လာမယ့်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် တမှတ်သာ အသာရတော့မှာဖြစ်ပါတယ်။
ဒါကြောင့် နောက်ဆုံးကစားရမယ့် ဗီလာနဲ့ပွဲက သေရေးရှင်ရေးဖြစ်လာပြီး မဖြစ်မနေအနိုင်ကစားရတော့မှာလည်းဖြစ်ပါတယ်။ လီဗာပူးလ်က လက်ကျန်နှစ်ပွဲအဖြစ် ၀ုလ်ဗ်၊ ဆောက်သမ်တန်တို့နဲ့ကစားရမှာဖြစ်လို့ အနိုင်ရဖို့သျောသလောက်ရှိနေကာ မန်စီးတီးသာ ခြေချော်ခဲ့မယ်ဆိုရင် အမှတ်ပေးဖလားကို သူတို့က ဆွတ်ခူးနိုင်မှာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဂွာဒီယိုလာကတော့ နောက်ဆုံးပွဲနဲ့ပတ်သက်ပြီးတော့ ပြောဆိုခဲ့ရာမှာ "ကျနော် ခင်ဗျားကို အာမခံနိုင်တာ တခုရှိတယ်။ တပတ်အတွင်း ကျနော်တို့ကွင်းမှာ ကျယ်လောင်တဲ့အော်ဟစ်အားပေးသံတွေ ကြားရလိမ့်မယ်။ သူတို့အတွက် ကျနော်တို့အားလုံး ဘဝနဲ့ရင်းပြီး ပေးဆပ်သွားမယ်။ သူတို့ကလည်း ၉၅ မိနစ်လုံးလုံး ကျနော်တို့ကို ဘဝနဲ့ရင်းပြီး ပေးဆပ်ကြလိမ့်မယ်"
"အိမ်ကွင်းမှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ရတာကို မယုံနိုင်ရစရာ အထူးအခွင့်အရေးတခုပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ရရှိဖို့အတွက် အခွင့်အရေးအဖြစ် ပင်နယ်တီရရှိခဲ့ပေမယ့်လည်း မာရက်ဇ်ကန်သွင်းခဲ့ရာမှာ လွဲချော်ခဲ့လို့ နစ်နာခဲ့ရပြီး အသာစီးရမယ့် အခွင့်အရေးကိုပါ လက်လွှတ်ခဲ့ရလို့ ဂွာဒီယိုလာအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
နောက်ဆုံးပွဲအဖြစ်ကစားရမယ့် ဗီလာကလည်း လီဗာပူးလ်နာမည်ကျော်ကစားသမားဟောင်း ဂျရတ်ကိုင်တွယ်နေလို့ ဂျရတ်က သူ့အသင်းဟောင်းကို ကူညီပေးဖို့ရာအတွက် မန်စီးတီးကို ဒုက္ခပေးနိုင်သမျှပေးသွားလိမယ့်လို့လည်း အားလုံးက ယူဆနေကြပါတယ်။