မန်စီးတီးဆီက ရမှတ်ရအောင်ယူပေးနိုင်ရင် အသင်းဟောင်းကို ကူညီပေးနိုင်မှာပါ။

ပရီးမီးယားလိဂ်ကတော့ ထုံးစံအတိုင်း နောက်ဆုံးပွဲ၊ နောက်ဆုံးအချိန်ထိ ပရိသတ်တွေကို စိတ်လှုပ်ရှားစရာတွေပေးလိုက်ပါပြီ။ ပွဲစဉ် ၃၇ ကို ကစားခဲ့ရာမှာ မန်စီးတီးတို့ မထင်မှတ်ဘဲ ဝက်စ်ဟမ်းကို သရေသာကစားနိုင်ခဲ့လို့ လက်ကျန်တပွဲအလိုမှာ လီဗာပူးလ်ကို ၄ မှတ်ဖြတ်ထားနိုင်ခဲ့ပေမယ့် လီဗာပူးလ်က ၂ ပွဲကစားဖို့ ကျန်ရှိနေတာကြောင့် နောက်ဆုံးပွဲကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်သွားခဲ့ပါတယ်။ 

ဗီလာနဲ့ ကစားရမယ့် ပွဲစဉ် ၃၈ မှာသာ မန်စီးတီးတို့ အရေးနိမ့်ခဲ့မယ် ဒါမှမဟုတ် သရေကျခဲ့မယ်ဆိုရင်၊ တဖက်မှာလည်း လီဗာပူးလ်က လက်ကျန် ၂ ပွဲစလုံးကို အနိုင်ကစားခဲ့မယ်ဆိုရင် ချန်ပီယံက လီဗာပူးလ်ဖြစ်လာတော့မှာပါ။ မန်စီးတီးအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတယ်ဆိုပေမယ့်လည်း ဖိအားနည်းနည်းနဲ့ကစားရမယ့်ပွဲကို သေရေးရှင်ရေးလို သဘောထားပြီး ကစားရတော့မှာပါ။ 

လီဗာပူးလ်တို့ အမှတ်ပေးဖလားရယူနိုင်ဖို့ကလည်း သူတို့ရဲ့ နာမည်ကျော်အသင်းခေါင်းဆောင်ဟောင်းဂျရတ်အပေါ် မူတည်နေပါတယ်။ ဗီလာနည်းပြအဖြစ် တာဝန်ယူနေတဲ့ ဂျရတ်ကသာ ဒီရာသီနောက်ဆုံးပွဲမှာ မန်စီးတီးဆီကနေ ရမှတ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းဟောင်းလီဗာပူးလ်ကို အမှတ်ပေးဖလားရရှိအောင် သွယ်ဝိုက်ကူညီပေးနိုင်မှာကြောင့်ဖြစ်ပါတယ်။ 

လီဗာပူးလ်နဲ့အတူ အမှတ်ပေးဖလားကို ဘယ်တုန်းကမှ မဆွတ်ခူးနိုင်ခဲ့တဲ့ ဂျရတ်အတွက် အသင်းဟောင်းကို အမှတ်ပေးဖလားရအောင် ကူညီပေးနိုင်မယ့် အခွင့်အရေးရှိလာပြီလို့ သတင်းဌာနတွေက ရေးသားခဲ့ကြပါတယ်။ ကမ္ဘာကျော်ကစားသမားတဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဆုဖလားတွေလည်း ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဂျရတ်က ပရီးမီးယားလိဂ်ဖလားနဲ့တော့ မနီးစပ်ခဲ့သူပါ။ 

အခုအခါမှာ ကစားသမားဘ၀တုန်းက လီဗာပူးလ်အတွက် သူ မရယူပေးနိုင်ခဲ့တဲ့ အမှတ်ပေးဖလားကို အသင်းတသင်းနည်းပြဖြစ်နေချိန်မှာ ရရှိအောင်ကူညီပေးနိုင်မယ့် အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။ လီဗာပူးလ်ပရိသတ်တွေကလည်း သူတို့အသင်းကစားသမားဟောင်းကြီးက မန်စိးတီးကို ဒုက္ခပေးနိုင်ဖို့အတွက် မျှော်လင့်နေကြပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က