အခြားကမ်းလှမ်းမှုတွေကိုတောင် ဆွာရက်ဇ်က ငြင်းဆန်ထားတယ်လို့ ဆိုပါတယ်။

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးလူး၀စ္စဆွာရက်ဇ်ဟာ အသင်းဖော်ဟောင်းစတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာအသင်းကို အံ့အားသင့်ဖွယ်ရာပြောင်းရွှေ့ဖို့အတွက် ရေပန်းစားလာခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ လာလီဂါလက်ရှိချန်ပီယံအက်သလက်တီကိုမက်ဒရစ်အတွက် ကစားပေးနေတာဖြစ်ပြီး အခု ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ပြောင်းရွှေ့လာဖွယ်ရှိနေတာဖြစ်ပါတယ်။ 

Football Espana ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာတိုက်စစ်မှူးဟာ ဘရာဇီးလ်နဲ့ ဆော်ဒီကလပ်အများအပြားရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အက်စတွန်ဗီလာကို ပြောင်းရွှေ့ဖို့အတွက် ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ ယူဆရပြီး ရာသီကုန်မှာ အေတီကိုနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒီတိုက်စစ်မှူးကို ပရီးမီးယားလိဂ်မှာ ပြန်လည်မြင်တွေ့ရဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ 

ဒီရာသီမှာ အက်သလက်တီကိုမက်ဒရစ်အတွက် ၂၇ ပွဲကစားပေးထားပြီး ၉ ဂိုးသွင်းယူထားတဲ့ ဆွာရက်ဇ်ဟာ လက်ရှိမှာတော့ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆွာရက်ဇ်ဟာ လာလီဂါကိုရောက်ရှိချိန်ကစပြီး အမှတ်ပေးဖလား ၅ လုံးနဲ့ ချန်ပီယံလီဂ်ဖလားတစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ကာ သွင်းဂိုးအများအပြားလည်း ရယူနိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်မှာလည်း သွင်းဂိုးတွေနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ဆွာရက်ဇ်က ဂျရတ်နဲ့ အရင်းနှီးဆုံးအသင်းဖော်တဦးအဖြစ်နဲ့လည်း ရှိနေတာပါ။ ကော်တင်ဟို၊ ဒစ်ဂ်နီတို့ကို ခေါ်ယူပြီးပေမယ့် အသင်းလူစာရင်းကို ပိုမိုတိုးတက်အောင် ဖန်တီးတည်ဆောက်ချင်နေတဲ့ ဂျရတ်ကလည်း ဆွာရက်ဇ်ကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေတယ်လို့သိရကာ ဇန်နဝါရီကာလအတွင်းမှာပဲ အပြီးသတ်လုပ်ဆောင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ 

Share

က္က