ဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဗီလာရီးရဲလ်အူနိုင်းအမ်မရီဟာ ပရီးမီးယားလိဂ်ကစားသမားဟောင်းအများစုကို အသုံးပြုသွားခဲ့ပါတယ်။ ဘိုင်ယန်နဲ့ယှဉ်ရင် အောက်အသင်းလို့ သတ်မှတ်ခံထားရတဲ့ ဗီလာရီးရဲလ်က နှစ်ကျော့စလုံးမှာ ဂိုးပေါက်တည့်မှု ၂ ကြိမ်တည်းသာရှိခဲ့ပေမယ့် အဆိုပါနှစ်ကြိမ်စလုံး ဂီုးရအောင်သွင်းပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့တာပါ။
မနေ့ကပွဲမှာလည်း သူက အသင်းလူစာရင်းမှာ လိုဆယ်ဆို၊ ကာပူး၊ အော်ရီယာ၊ ကိုကွီလင်တို့လို ပရီးမီးယားလိဂ်အပယ်ခံကစားသမားတွေနဲ့ ဘိုင်ယန်ကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ပထမအကျော့မှာလည်း အဆိုပါကစားသမားတွေပါဝင်ခဲ့ပြီး ဒုတိယတန်းစားအဆင့်သာ ရှိတဲ့ ကစားသမားအများစုရဲ့ အားနဲ့ ထိပ်သီးအသင်းကို အနိုင်ကစားနိုင်ခဲ့ပါတယ်။
ဒါဟာ နည်းပြအူနိုင်းအမ်မရီရဲ့ အသင်းလိုက်ကစားပုံကောင်းမွန်အောင် တည်ဆောက်မှုအပိုင်းမှာ ဘယ်လောက်ထိ ထူးချွန်လဲဆိုတာကိုပါ ပြသခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ကစားသမားအဖြစ် သူ့အသင်းမှာ မရှိသလောက်ရှားပါးနေခဲ့ပေမယ့် အမ်မရီက ရှိတဲ့ လူအင်အားကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ခဲ့ပြီး ယူရိုပါလိဂ်ဖလားကိုပါ ရယူပေးထားနိုင်ခဲ့ပါတ်။
ဒီတခါမှာလည်း ကွာတားဖိုင်နယ်က သူတို့အတွက် နောက်ဆုံးလို့ အားလုံးကထင်မှတ်ထားချိန်မှာ မထင်မှတ်တာတွေကို လုပ်ပြသွားခဲ့ပါတယ်။ စပါးမှာ နေရာမရဖြစ်နေတဲ့ လိုဆယ်ဆိုက ဘိုင်ယန်နဲ့ နှစ်ကျော့စလုံးမှာ အဓိကကစားသမားအဖြစ်ပါဝင်ခဲ့ပြီး အော်ရီယာကလည်း အသင်းခံစစ်ကစားရမယ့်အချိန်မှာ အားကိုးရတဲ့သူအဖြစ်နဲ့ ဝင်ကစားခွင့်ရခဲ့ပြီး ဗီလာရီးရဲလ်အတွက် အကျိုးပြုနိုင်ခဲ့ပါတယ်။