ဒီနေ့ညပွဲအတွက် နှစ်သင်းလုံးရဲ့နည်းပြတွေက အချိန်ပိုထိသွားမယ်လို့ ယူဆထားကြတာပါ။

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ဒီကနေ့ည ဗီလာရီးရဲယ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဥ်က မိနစ် (၁၂၀) ကစားရတာမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ပထမအကျော့ စပိန်မြေမှာ ဒီနှစ်သင်းက တဖက်တဂိုးစီ သရေကျခဲ့ပြီး ကွာတားဖိုင်နယ်တက်ရောက်ဖို့ အခွင့်အရေး ဆတူရှိနေဆဲဖြစ်ပါတယ်။



အူနိုင်းအမ်မရီရဲ့ ဗီလာရီးရဲယ်ကလည်း ပုံစံကောင်းပြသနေတဲ့ အသင်းတသင်းဖြစ်ပြီး ဂျူဗင်တပ်စ်အတွက်တော့ အိမ်ရှင်ပရိသတ်ရှေ့မှောက် တူရင်မြေမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့တော့ရှိနေပါတယ်။ ဒီပွဲနဲ့ ပတ်သက်လို့လည်း ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အယ်လီဂရီက “ကျနော်တို့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားသင့်ပါတယ်။ ကျနော်တို့ ကွာတားဖိုင်နယ် တက်ရေး၊ မတက်ရေးအတွက် မိနစ် (၁၂၀) လောက် လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ အုပ်စုပထမနဲ့ ဒီအဆင့်ကို ရောက်လာတဲ့အသင်းတသင်းလည်းဖြစ်ပါတယ်။

အယ်လီဂရီရဲ့ ပြောစကားတွေနဲ့ ပတ်သက်လို့ ပြိုင်ဘက် ဗီလာရီးရဲယ်နည်းပြ အူနိုင်းအမ်မရီကလည်း ထောက်ခံစကားပြောကြားခဲ့ပါတယ်။ အူနိုင်းအမ်မရီက “ကျနော်တို့ အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်ပြီး အချိန်ပိုအတွက်ပါ ပြင်ဆင်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အူနိုင်းအမ်မရီရဲ့ ဗီလာရီးရဲယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့အသင်းတသင်းဖြစ်ပြီး ဒီနှစ်ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတော့ ယူနိုက်တက်ရဲ့နောက် အုပ်စုဒုတိယနေရာနဲ့ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်လာခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က