စပိန်လာလီဂါမှာ ဗင်နီရှပ်တယောက် လူမျိုးရေးခွဲခြားမှုတွေကို ပြင်းပြင်းထန်ထန်ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ ဘရာဇီးလ်သမ္မတ လူလာဒါဆေးလ်ဗားကိုယ်တိုင် ကစားသမားဘက်က ကာကွယ်ပြောဆိုပေးခဲ့ပါပြီ။ မနေ့ညက ကစားခဲ့တဲ့ ဗလန်စီယာနဲ့ပွဲမှာ ဗင်နီရှပ်က လူမျိုးရေးခွဲခြားခံခဲ့ရသလို သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ်ညှစ်ခဲ့တဲ့ ကစားသမားကို ပြန်တုံ့ပြန်ခဲ့လို့လည်း အနီကတ်ပြခံခဲ့ရပါတယ်။
ဗလန်စီယာပရိသတ်တွေဟာ ဗင်နီရှပ်ကို မျောက်လို့ အော်ဟစ်ခဲ့ကြပြီး ပွဲကို ၁၀ မိနစ်ကြာအောင် ရပ်တန့်ခဲ့ရပါတယ်။ ဒီလိုတွေဖြစ်ပြီးတဲ့နောက် ဗင်နီရှပ်လည်း မျက်ရည်ကျတဲ့အထိ ခံစားခဲ့ရပြီး အသင်းဖော်တွေကို သူ့ကို ဖျောင်းဖျနှစ်သိမ့်ပေးခဲ့ရကာ ပြသနာကို အေးအေးချမ်းချမ်းပြိးသွားစေဖို့အတွက် ကူညီခဲ့ရပါတယ်။
ဘရာဇီးလ်သမ္မတကတော့ "ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်လာနေပြီး ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းအကောင်းဆုံးပြနေတဲ့ သနားစရာကောင်လေးတယောက်က သူ သွားနေတဲ့ ကွင်းတိုင်းမှာ စော်ကားခံနေရတာက မမျှတပါဘူး၊ အားကစားကွင်းတွေထဲမှာ လူမျိုးရေးခွဲခြားမှုတွေကို ကျနာ်တို့ ခွင့်မပြုထားပါဘူး" လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ဗလန်စီယာအသင်းကတော့ ဗင်နီရှပ်ကို စော်ကားပြောဆိုခဲ့တဲ့ ပရိသတ်တွေကို ပွဲကြည့်ခွင့်ပိတ်ပင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ နေမာ၊ ရစ်ချာလီဆန်၊ ရီယိုဖာဒီနန်တို့က ဗင်နီရှပ်ဘက်က ရပ်တည်ခဲ့ကြပြီး ဘရာဇိးလ်ကလပ်ဆန်းတို့စ်ကလည်း ထုတ်ပြန်စာတစောင် ရေးသားခဲ့ပြီး ဒီလုပ်ရပ်ကို လက်မခံဘူးလို့ ပြောဆိုခဲ့ပါတယ်။