ကမ္ဘာ့ပထမဆုံး Bitcoin ကို တရားဝင်ငွေကြေးသတ်မှတ်ခဲ့တဲ့ အယ်လ်ဆာဗေဒါနိုင်ငံဟာ Bitcoin မြို့တစ်မြို့ထောင်ဖို့ပါ စီစဉ်နေပါတယ်။
အယ်လ်ဆာဗေဒါသမ္မတ နာရစ်ဘ် ဘူကီလီက မီးတောင်စွမ်းအင်သုံးပြီး Cryptocurrency ထုတ်တဲ့ Bitcoin City တစ်ခု တည်ထောင်မယ့်အကြောင်းကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ မီးတောင်ဘူမိအပူစွမ်းအင်နဲ့ Bitcoin ထုတ်မယ့်အစီအစဉ်ကတော့ ပြီးခဲ့တဲ့ နှစ်လကတည်းက Twitter လူမှုကွန်ရက်ပေါ်မှာ သမ္မတကိုယ်တိုင် အတည်ပြုခဲ့တာပါ။ အခုတစ်ခေါက်မှာ Bitcoin City ဆိုပြီး တည်ဆောက်မယ့်အကြောင်း ပြောလာတာ ဖြစ်ပါတယ်။
Photo: esiznews
Bitcoin City တည်ဆောက်ဖို့ လျာထားတဲ့ နေရာဟာ နိုင်ငံရဲ့ အရှေ့တောပိုင်း La Union ဒေသဖြစ်တယ်လို့လည်း စနေနေ့က သမ္မတရဲ့ ပြောကြားချက်ကို ကိုးကားပြီး Gizmodo သတင်းမှာ ဖော်ပြထားပါတယ်။ ဒီမြို့မှာ တန်ဖိုးပေါ် အခွန်တင်တဲ့ VAT အခွန်ကလွဲပြီး ဘယ်အခွန်မှ ကောက်ခံမှာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။ Bitcoin City ဟာ စက်ဝိုင်းပုံစံရှိပြီး လေဆိပ်တစ်ခု ၊ လူနေစရာနေရာတွေနဲ့ အရောင်းအဝယ်လုပ်ဖို့အတွက်လည်း နေရာတွေ ပေးသွားမယ်လို့ ဆိုပါတယ်။
Bitcoin ထုတ်တာကိုတော့ နိုင်ငံမှာ ပေါပေါများများရှိထားတဲ့ မီးတောင်တွေဆီက ဘူမိစွမ်းအင်နဲ့ ထုတ်သွားမှာပါ။ စွမ်းအင်သုံးစွဲမှုမြင့်တဲ့ Bitcoin Mining ကို ကွန်ချာဂွာယာမီးတောင်ဆီကနေ အပူစွမ်းအင်နဲ့ ထုတ်မယ်လို့လည်း အယ်လ်ဆာဗေဒါအစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Bitcoin City ကို ရင်းနှီးမြှပ်နှံသူတွေ စိတ်ဝင်စားလာအောင် အစိုးရအနေနဲ့ မြေနဲ့ အခြေခံအဆောက်အဦတွေ ဖန်တီးပေးသွားမှာပါ။
"ဒီမှာ လာမြှပ်နှံပါ။ ခင်ဗျားလိုချင်သလောက် ငွေတွေ ရှာပါ။ ဒါက မီးတောင်တစ်လုံးကနေ ရတဲ့ စွမ်းအင်နဲ့ လည်ပတ်နေတဲ့ ဂေဟစနစ်နဲ့ မြို့စစ်စစ်ဖြစ်ပါတယ်။" လို့ သမ္မတက ပြောပါတယ်။
Photo: laprensalatina
သမ္မတဘူကီလီကတော့ မြို့တည်မယ့် အချိန်နဲ့ ပြီးဆုံးဖို့ ခန့်မှန်းကြာချိန်တွေအကြောင်း ပြောကြားခြင်း မရှိသေးပါဘူး။ မြို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ဖို့ Bitcoin ၃ သိန်းဝန်းကျင် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။ လက်ရှိ ပေါက်ဈေးအရ Bitcoin တစ်ခုဟာ ဒေါ်လာ ၆ သောင်းအောက် တန်ကြေး ရှိပါတယ်။
အယ်လ်ဆာဗေဒါအစိုးရအနေနဲ့ Bitcoin City တည်ထောင်ဖို့ ရံပုံငွေအတွက် လာမယ့် ၂၀၂၂ မှာ Bitcoin Bonds စာချုပ် ဒေါ်လာ ၁ ဘီလျံဖိုး ထုတ်မယ်လို့လည်း ဆိုပါတယ်။ အစိုးရအနေနဲ့လည်း Bitcoin ဒေါ်လာသန်း ၁၅၀ ဖိုး ရံပုံငွေနဲ့ ဝယ်ထားပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရဲ့ Bitcoin အစီအစဉ်ပေါ် ထောင်နဲ့ချီတဲ့နိုင်ငံသားတွေ ဆူပူဆန္ဒပြနေကြပါတယ်။