Crypto ဆောင်းကို ဖြတ်ကျော်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်

Crypto ဈေးကွက် စီးပွားပျက်နေချိန် Coinbase ကုမ္ပဏီဟာ ဝန်ထမ်းထောင်ချီ အလုပ်ဖြုတ်ခဲ့ပါတယ်။ 

နာမည်ကြီး Crypto Exchange ကုမ္ပဏီတစ်ခုဖြစ်တဲ့ Coinbase ဟာ အချိန်ပြည့်ဝန်ထမ်းအင်အားရဲ့ ၅ ပုံ ၁ ပုံနီးပါး ဖြစ်တဲ့ ၁၈% ခန့်ကို လူလျှော့ခဲ့တာ ဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၁၁၀၀ ဝန်းကျင်ကို အလုပ်လျှော့ခဲ့တာ ဖြစ်ပြီး လူလျှော့တဲ့ သတင်းကြောင့် Coinbase ရှယ်ယာဟာ ၅% ခန့် ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ စီးပွားပျက်ကပ်ထဲ ဝင်ရောက်နိုင်ခြေရှိလို့ အခုလို လူလျှော့တာလို့လည်း အမှုဆောင်အရာရှိချုပ် ဘရိုင်ယန် အမ်းစ်ထရောင်းက ပြောပါတယ်။ 






"၁၀ နှစ်ကျော်ကြာ စီးပွားရေးထိုးတက်မှုတွေဖြစ်ပြီးနောက် စီးပွားရေးပျက်ကပ်ထဲ ဝင်ရောက်ဖို့ရှိပါတယ်။ စီးပွားရေးပျက်ကပ်က နောက်ထပ် Crypto ဆောင်းရာသီတစ်ခုဆီ ဦးတည်နိုင်ပါတယ်။ ထပ်ပြီးလည်း ကြာနိုင်ပါတယ်။" လို့ ဘရိုင်ယန် အမ်းစ်ထရောင်းရဲ့ ဘလော့ဂ်ပို့စ်မှာ ပြောထားပါတယ်။ 

Crypto ချေးငွေလုပ်ငန်း Celsius Network ဟာ ငွေထုတ်အသွင်း ပိတ်ချပြီးနောက် ကမ္ဘာ့အကြီးဆုံး Cryptocurrency တစ်ခုဖြစ်တဲ့ Bitcoin ဟာ တနင်္လာနေ့မှာ ၁၄% ကျဆင်းခဲ့ပြီး 1BTC ကို ဒေါ်လာ ၂၂၀၀၀ အောက် ရောက်သွားခဲ့ပါတယ်။ Coinbase ကုမ္ပဏီကလည်း ဒီအချိန်မှာ ဝန်ထမ်းတွေကို အလုပ်ဖြုတ်လိုက်တာ ဖြစ်ပါတယ်။ အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတွေကို အီးမေးလ်ပို့ အကြောင်းကြားသွားမယ်လို့လည်း အမ်းစ်ထရောင်းက ပြောပါတယ်။ 

အခုလဆန်းပိုင်းကပဲ Coinbase ဟာ ဝန်ထမ်းသစ်ခေါ်ယူမှု ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သလို ကုမ္ပဏီဒေဝါလီခံရရင် သုံးစွဲသူတွေ အပ်ထားတဲ့ Crypto ဆုံးမယ်လို့လည်း သတိပေးထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က