ငွေကြေးဖောင်းပွလာမှာကိုစိုးရိမ်နေကြပါတယ်

Bitcoin ကို တရားဝင်ငွေကြေးအဖြစ် ပထမဆုံးလက်ခံခဲ့ပြီးနောက် အယ်လ်ဆာဗေဒါနိုင်ငံ လမ်းတွေပေါ်မှာ လူထောင်နဲ့ချီ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

           ပြီးခဲ့တဲ့တစ်ပတ်က ဗဟိုအမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ အယ်လ် ဆာဗေဒါဟာ နိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်မှာ အမေရိကန်ဒေါ်လာနဲ့အတူ Bitcoin ကိုပါ ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။ Bitcoin ကို နိုင်ငံရဲ့ တရားဝင်ငွေကြေးအဖြစ် လက်ခံပြီးနောက် မြို့တော်ဆန် ဆယ်ဗာ‌ဒေါ်မှာ လူထောင်နဲ့ချီပြီး လမ်းလျှောက်ဆန္ဒပြခဲ့တယ်လို့ NYPost သတင်းက ဆိုပါတယ်။



           ချီတက်သူအများစုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာ ဖြစ်ပေမယ့် တချို့ကတော့ အနည်းဆုံး Bitcoin ATM တစ်ခုကို ထုရိုက်ဖျက်ဆီးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေဟာ NO To Bitcoin လို့ရေးထားတဲ့ စာပါ တီရှပ်တွေ ဝတ်ဆင်ခဲ့သလို ချီတက်ရာ လမ်းတစ်လျှောက်မှာလည်း Bitcoin ဆန့်ကျင်ရေး ဂရက်ဖ်တီများ ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။ တခြားသူတွေကတော့ Bitcoin logo ကို ကြက်ခြေခတ်ထားတဲ့ ဆိုင်းပုတ်တွေ ကိုင်စွဲခဲ့ပါတယ်။


Photo: BBC



           သမ္မနာရစ်ဘ် ဘူကီလီရဲ့ အငြင်းပွားဖွယ် ဒစ်ဂျစ်တယ် Bitcoin Wallet မိတ်ဆက်မှုဟာ အခုလို ပြဿနာတွေကို မီးမွှေးလိုက်တာ ဖြစ်ပြီး ဒီဝန်ဆောင်မှုကလည်း ပြုပြင်မှုတွေ လုပ်နေတာ ဖြစ်လို့ မကြာခဏ ပြတ်တောက်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။ အယ်လ်ဆာဗေဒါမှာ Bitcoin ကို တရားဝင်ငွေကြေးအဖြစ် လက်ခံပြီး Bitcoin ၄၀၀ ဝယ်ပြီးတဲ့နောက် မှာ Bitcoin ဈေးဟာ ၁၆% ကျဆင်းသွားတယ်လို့ သိရပါတယ်။ သမ္မတဘူကီလီကတော့ နိုင်ငံအနေနဲ့ ဈေးထိုးကျပြီးနောက် နောက်ထပ် Bitcoin ၁၅၀ ထပ်ဝယ်လိုက်တယ်လို့ ဆိုပါတယ်။

           "အစိုးရလုပ်တာ ငါတကော ကောတာပဲ။ ဒါအာဏာရှင်လုပ်ရပ်"လို့ ဆန္ဒပြပွဲမှာ ပါတဲ့ အသက် ၄၉ နှစ်အရွယ် ဒိုရာ ရီဗာရာဆိုသူက Reuters ကို ပြောပါတယ်။ သမ္မတဘူကီလီ အာဏာရယူပြီး ၂၀၁၉ ကစလို့ ဒီဆန္ဒပြမှုဟာ ပထမဆုံးအကြီးအကျယ်ဆန္ဒပြမှုတစ်ခုလည်း ဖြစ်ပါတယ်။ Bitcoin ဥပဒေထောက်ခံသူတွေကတော့ နိုင်ငံသားတွေရဲ့ ၇၀% မှာ ဘဏ္ဍာရေးဝန်ဆောင်မှု သုံးနိုင်ဖို့ ဘဏ်အကောင့်မရှိတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ဆိုပါတယ်။

           အယ်လ်ဆာဗေဒါနိုင်ငံသားတွေရဲ့ လေးပုံတစ်ပုံလောက်ဟာ အမေရိကန်မှာ နေထိုင်ပြီး ပြီးခဲ့တဲ့နှစ်ထဲမှာ သူတို့ရဲ့ မိခင်နိုင်ငံကို ဒေါ်လာ ၆ ဘီလျံကျော် ငွေလွှဲခဲ့တာပါ။ နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေအတွက် Bitcoin ငွေကြေးစနစ်က တခြားနိုင်ငံကနေ ငွေလွှဲရတဲ့ ငွေလွှဲခစရိတ်မကုန်အောင် ကူညီပေးမယ်လို့လည်း ဒီဥပဒေကို ထောက်ခံသူတွေက ဆိုပါတယ်။

           ဒီဥပဒေကို ကန့်ကွက်ဆန္ဒပြသူတွေကတော့ Bitcoin စနစ် လက်ခံလိုက်တာဟာ နိုင်ငံရဲ့ ဆိုးဝါးတဲ့ စီးပွားရေးအခြေအနေကို ပုံဖျက်ဖို့ ဘူကီလီရဲ့ ပါတီအနေနဲ့ အကွက်ဆင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ "Bitcoin ကိစ္စက တကယ့်ဧရာမစီးပွားရေးအဆုံးအဖြတ်ပါ။ ဒါကို လုံးဝအဓိပ္ပါယ်မဲ့ လုပ်သွားတယ်။ ကွန်ဂရက်ကို ပို့တယ်။ ပို့တဲ့ရက်ပဲ အတည်ဖြစ်သွားတယ်" လို့ အတိုက်အခံအမတ် ကလော်ဒီယာအော်တစ်ဇ်က ဆိုပါတယ်။


Photo: BBC


           ဆန္ဒပြသူတွေရဲ့ အမြင်မှာတော့ Bitcoin ဟာ ဆင်းရဲနွမ်းပါးတဲ့ လက်တင်အမေရိကနိုင်ငံအတွက် ငွေကြေးမတည်ငြိမ်မှုနဲ့ ငွေကြေးစနစ် ဖောင်းပွမှုတွေ ယူဆောင်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒါကြောင့်ပဲ Bitcoin ကို လက်မခံဖို့ ၊ ဖွဲ့စည်းပုံကို လေးစားဖို့ဆိုတဲ့ ဆိုင်းပုတ်တွေ ထောင်ပြီး ဆန္ဒပြနေကြတာပါ။ သမ္မတဟာ သူ့အာဏာတည်မြဲရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားပေမယ့် နှစ်ကြိမ်ဆက်တိုက် သမ္မတတာဝန်ထမ်းဖို့ အာဏာကို အသုံးချပြီး ဥပဒေအတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

           ဒါပေမယ့်လည်း အယ်လ်ဆာဗေဒါမှာ သမ္မတဘူကီလီကို လူကြိုက်များနေကြပြီး မကြာသေးခင်က သတင်းစာတစ်စောင်ကနေ ကောက်ခံတဲ့ လူထုစစ်တမ်းမှာ သမ္မတကို ထောက်ခဲ့သူ ၈၅.၇% ရှိတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က