fintech နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Square အနေနဲ့ ကိုယ်ပိုင် Bitcoin Mining System တစ်ခု တည်ဆောက်ဖို့ ရှိတယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဂျက်ခ်ဒေါ်ဆီက ဆိုပါတယ်။
"ကမ္ဘာအနှံ့က စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေအတွက် Custom Silicon နဲ့ Open Source အခြေခံ Bitcoin Mining System တစ်ခု တည်ဆောက်ဖို့ Square အနေနဲ့ ချိန်ဆနေပါတယ်။ " လို့ ဂျက်ခ်ဒေါ်ဆီက Twitter ပေါ်မှာ ရေးခဲ့ပါတယ်။ "Bitcoin Mining လုပ်တာဟာ ပါဝါ source တစ်ခုထဲ ပလပ်ပေါက် တပ်သလောက် လွယ်သင့်တယ်။"
Photo: coinscreed
Square ဟာ အခုနှစ် နှစ်လယ်ပိုင်းကလည်း Bitcoin Hardware Wallet တစ်ခု တည်ဆောက်ဖို့ ချိန်ဆနေကြောင်း ကြေညာခဲ့တဲ့ ဘဏ္ဍာရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Bitcoin Mining System တည်ဆောက်ဖို့ကိစ္စကတော့ Square လို ငွေပေးချေမှုကုမ္ပဏီတစ်ခုအတွက် Wallet တစ်ခု ဖန်တီးတာထက် ပိုပြီး ရှုပ်ထွေးနိုင်ပါတယ်။ Custom chip ဖန်တီးတာက ဈေးသိပ်ကြီးနိုင်တယ်လို့လည်း ဂျက်ခ်ဒေါ်ဆီကိုယ်တိုင် လက်ခံထားပါတယ်။
"Mining ထုတ်တာဟာ ပိုပြီး ထိရောက်မှု ရှိဖို့လိုပါတယ်။ သန့်စင်ပြီး ထိရောက်မှုရှိတဲ့စွမ်းအင်ဘက် သွားခြင်းက Bitcoin ရဲ့ စီးပွားရေး ၊ သက်ရောက်မှုနဲ့ ကဏ္ဍတည်ငြိမ်မှုအတွက် အကျိုးများပါတယ်။ စွမ်းအင်ဟာ Silicon ၊ ဆော့ဖ်ဝဲလ်နဲ့ ပေါင်းစည်းမှုပိုင်း ဆန်းသစ်တီထွင်မှုရှိဖို့ လိုတဲ့ System-Level ပြဿနာတစ်ခုပါ" လို့ ဂျက်ခ်ဒေါ်ဆီက ပြောပါတယ်။
လက်ရှိ Bitcoin Mining လောကကို coin သစ် တူးဖို့ ဒီဇိုင်းထုတ်ထားတဲ့ ASIC ဆားကစ်ပေါင်း သောင်းနဲ့ သိန်းနဲ့ချီ ဝယ်နိုင်တဲ့ အကြီးစား Miners ကြီးတွေက ကြီးစိုးနေတာပါ။ Square အနေနဲ့ Bitcoin Mining System ဆောက်ဖို့အတွက် ကုမ္ပဏီရဲ့ hardware အကြီးအကဲ ဂျက်ဆီ ဒိုရိုဂူးစကားက နည်းပညာပိုင်းလိုအပ်တာတွေ တာဝန်ယူသွားမယ်လို့ ဂျက်ခ်ဒေါ်ဆီက ဆိုပါတယ်။
Photo: Business Insider
အသက် ၄၄ နှစ်အရွယ် ဂျက်ခ်ဒေါ်ဆီဟာ Cryptocurrency ဘက်မှာ စိတ်အားထက်သန်မှုရှိပြီး အလားအလာကောင်းတဲ့ဈေးကွက်တစ်ခုအဖြစ် ရှုမြင်လက်ခံသူလည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာကို သူဟာ Bitcoin ဝယ်စုတာ Mining ထုတ်တာတွေတွေကို အာရုံစိုက်လာနေတာ တွေ့ရပါတယ်။ နှစ်လယ်ပိုင်းလောက်ပဲ Compass Mining နဲ့ mining လုပ်ဖို့ ကြိုးစားနေကြောင်း ဂျက်ခ်ဒေါ်ဆီက သူ့ရဲ့ Tweet မှာ ရေးသားခဲ့ပါတယ်။
Compass Mining ဟာ တစ်ကမ္ဘာလုံးက Bitcoin ဝါသနာအိုးတွေအတွက် Bitcoin ထုတ်ရာမှာ ချိတ်ဆက်ကူညီပေးတဲ့ ကုမ္ပဏီ ဖြစ်ပြီး Mining လုပ်ချင်သူတွေအတွက် လိုတဲ့ ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာ ၊ Hosting space ရောင်းတာတွေအတွက် ကြားခံချိတ်ဆက်ပေးနေတာပါ။ Bitcoin ဈေးနှုန်းဟာလည်း လက်ရှိမှာ အမြင့်ဆုံးလို့ ဆိုရမယ့် 1BTC ကို ၆၂၃၀၇ ဒေါ်လာအထိ ပေါက်နေတယ်လို့ ဆိုပါတယ်။