Bitcoin ဖန်တီးသူအဖြစ် ကြေညာခဲ့တဲ့ ခရစ်ချ် ရိုက်ဆိုတဲ့ ကွန်ပျူတာသိပ္ပံပညာရှင်ဟာ ဖလော်ရီဒါတရားရုံးဆုံးဖြတ်ချက်နဲ့ အမှုနိုင်ပြီးနောက် ဒေါ်လာ ၅၄ ဘီလျံတန် Cryptocurrency တွေ ပိုင်ဆိုင်ခွင့် ရသွားတယ်လို့ ဆိုပါတယ်။
တရားမအမှုအနေနဲ့ ဖလော်ရီဒါပြည်နယ် မိုင်ယာမီတရားရုံးမှာ စွဲဆိုတဲ့ အမှုမှာ အနိုင်ရတာကြောင့် ရိုက်ဟာ ဒေါ်လာ ၅၄ ဘီလျံတန် Bitcoin တွေ ရမှာ ဖြစ်ပေမယ့် ဉာဏမူပိုင်ခွင့် ပေါက်ကြားစေမှုနဲ့ ဆက်စပ်ပြီး ဒေါ်လာသန်း ၁၀၀ ပေးဆောင်ရမှာ ဖြစ်တယ်လို့ Business Insider သတင်းက ဆိုပါတယ်။ မိုင်ယာမီ ဖက်ဒရယ်တရားသူကြီးဟာ ရိုက်အပေါ် ကွယ်လွန်သူ ဒေးဗစ်ကလိုင်မန်း ရဲ့ မိသားစုတွေ စွပ်စွဲမှု ၇ ခုမှာ ၆ ခုကို ပယ်ချခဲ့ပါတယ်။
Photo: CNBC
ဒီအမှုဟာ ဆာတိုရှီ နာကာမိုတိုဆိုတဲ့ နာမည်ဝှက်နဲ့ လူသိများတဲ့ Bitcoin ဖန်တီးရှင်နဲ့ ဆိုင်တဲ့ Bitcoin ပေါင်း ၁.၁ သန်း (လက်ရှိပေါက်ဈေး ဒေါ်လာ ၅၄ ဘီလျံခန့်) ရလိုမှုကို ဦးတည်တာပါ။ ရိုက်ဟာ ၂၀၁၆ ခုနှစ်ကတည်းက သူဟာ အောက်တိုဘာ ၂၀၀၈ Bitocin စက္ကူဖြူစာတမ်းနောက်ကွယ်က Bitcoin ဖန်တီးရှင် နာကာမိုတို ဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ သူနဲ့အတူ Bitcoin တီထွင်မှု လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ ကွန်ပျူတာပညာရှင် ကလိုင်မန်းက ၂၀၁၃ ကတည်းက ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။
ဩစတြေးလျ ကွန်ပျူတာပညာရှင် ရိုက်ကို မိုင်ယာမီတရားရုံးက အနိုင်ပေးလိုက်ပေမယ့် သူနဲ့ ကလိုင်မန်းတို့ အတူ တည်ထောင်ခဲ့တဲ့ W&K Info Defence Research LLC လုပ်ငန်းနဲ့ဆိုင်တဲ့ ဉာဏမူပိုင်ခွင့်တွေ ကျိုးပေါက်စေမှုမှာ ရိုက်အနေနဲ့ ဒေါ်လာသန်း ၁၀၀ လျော်ရမယ့်လို့လည်း အမိန့်ချထားပါတယ်။ ဒီလျော်ကြေးငွေဟာလည်း ကလိုင်မန်းမိသားစုထက် W&K လုပ်ငန်းစုဆီ တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပါတယ်။
Photo: NewsBreak
Cryptocurrency ရင်းနှီးမြှပ်နှံသူတချို့ကတော့ ရိုက်ကို ရိုက်စားလုပ်သွားတယ်လို့ မြင်ကြပါတယ်။ ရိုက်ဟာ အရင်ကလည်း သတင်းအင်တာဗျူးတွေမှာရော တရားရုံးမှာပါ Bitcoin ကို သူတီထွင်ခဲ့ကြောင်း ပြောခဲ့ပေမယ့် တချို့တွေကတော့ အယုံအကြည်မရှိခဲ့တာတွေ ရှိပါတယ်။
ရိုက်ကတော့ တရားရုံးဆုံးဖြတ်ချက် ထွက်လာပြီးနောက် “ဘဝမှာ ဒီတစ်ခါလောက် စိတ်ထဲ ပေါ့ပါးသက်သာရာရတာမျိုး မရှိခဲ့ဘူး” လို့ ပြောသွားပါတယ်။