လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းအကောင်းဆုံးဖြစ်နေပြီး ပရိသတ်အင်အားတောင့်တင်းမှုရှိနေခဲ့တဲ့ လီဗာပူးလ်က ယူနိုက်တက်ကို ကျော်ဖြတ်သွားခဲ့တာလည်းဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကျော်လွန်ပြီး ဗြိတိန်ရဲ့ လူကြိုက်အများဆုံးဘောလုံးအသင်းဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်အပြည်ပြည်ဆိုင်ရာအင်တာနက်အခြေပြု စျေးကွက်သုတေသန နဲ့ အချက်အလက်လေ့လာမှုကုမ္ပဏီတစ်ခုဖြစ်တဲ့ YouGov က ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ အသာရရှိခဲ့တာကို တွေ့ရှိခဲ့ရတာပါ။
နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တော့မယ့် လီဗာပူးလ်ကို YouGov က ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ ၈.၃%က မဲပေးရွေးချယ်ခဲ့ကြပြီး ယူနိုက်တက်က ၆% နဲ့ ဒုတိယ၊ ချယ်လ်ဆီးက ၃.၁% နဲ့ တတိယနေရာမှာ ရှိခဲ့ပြီး အစဉ်လိုက်ရပ်တည်ခဲ့ကြပါတယ်။
ယူနိုက်တက်ကတော့ လူကြိုက်များမှုတဖြည်းဖြည်းလျော့နည်းလာခဲ့တာကို ကိန်းဂဏန်းအချက်အလက်တွေအရ သိရပြီး လီဗာပူးလ်ကတော့ လူကြိုက်များမှု မြင့်တက်လာခဲ့တာကိုလည်း YouGov က ပုံနဲ့တကွဖော်ပြခဲ့ပါတယ်။ အသင်းနှစ်သင်းကြားမှာ ကွာဟမှုက ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာပါ။
သူတို့ရဲ့လေ့လာမှုတွေထဲမှာ ပရိသတ်တွေနဲ့ထိတွေ့မှု၊ အမှတ်တံဆိပ်ခို်င်မာမှု၊ ကလပ်အသင်းရဲ့ စီမံခန့်ခွဲမှု၊ ကစားသမားတွေ၊ ပရိသတ်တွေရဲ့အပြုအမူနဲ့ သဘာဝ၊ အသင်းကစားဟန်တွေကိုပါ ထည့်သွင်းထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းအကောင်းဆုံးဖြစ်နေပြီး ပရိသတ်အင်အားတောင့်တင်းမှုရှိနေခဲ့တဲ့ လီဗာပူးလ်က ယူနိုက်တက်ကို ကျော်ဖြတ်သွားခဲ့တာလည်းဖြစ်ပါတယ်။
အဆင့် ၄ နေရာမှာတော့ မန်စီးတီးက ရှိနေပြီး အာဆင်နယ်၊ စပါး၊ ဝုလ်ဗ်၊ နယူးကာဆယ်၊ အဲဗာတန်၊ အက်စတန်ဗီလာတို့က ထိပ်ဆုံး ၁၀ သင်းမှာ အစဉ်လိုက်ရှိနေခဲ့ကြပါတယ်။ ယူနိုက်တက်အနေနဲ့ ကွင်းတွင်းအောင်မြင်မှုတွေ နည်းပါးလာခဲ့ချိန်မှာ လူကြိုက်များမှုလည်း လျော့နည်းသွားခဲ့ပြီး တစ်ဖက်မှာ အောင်မြင်မှုရရှိလာခဲ့တဲ့ လီဗာပူးလ်က ပိုမိုများပြားသွားခဲ့တာဖြစ်ပါတယ်။