ဗြိတိန်မှာ COVID-19 ဒုတိယလှိုင်း ကြုံတွေနေပြီလို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပြောထားပါတယ်။

COVID-19 ဒုတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဖြစ်နိုင်လျှင် အိမ်ကနေ အလုပ်လုပ်ကြရန် စက်တင်ဘာ ၂၂ ရက်မှာ ပြည်သူတွေကို ပြောခဲ့ပြီး ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို အချိန်စောပိတ်ရန် ညွှန်ကြားလိုက်ပါတယ်။

(Photo: AFP)

ဗြိတိန်မှာ လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ဒုတိလှိုင်းကို ထိန်းချုပ်ရန် အစိုးရက စည်းမျဥ်းကန့်သတ်ချက်အသစ်များ ထုတ်ပြန်လိုက်ပြီး ထိုစည်းမျဥ်းကန့်သတ်ချက်တွေဟာ ၆ လကြာမြင့်နိုင်ကြောင်းလည်း သိရပါတယ်။ အစိုးရရဲ့ သိပ္ပံပညာရှင်တွေက အဆောတလျင် အရေးယူဆောင်ရွက်မှု မရှိပါက ကူးစက်မှုနဲ့ သေဆုံးမှုတွေ တစ်ဟုန်ထိုး မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။



ဒီစည်းမျဥ်းကန့်သတ်ချက်တွေက အလုပ်ပြန်စရုံရှိသေးတဲ့ စီးပွားရေးလုပ်ငန်း အများအပြားကို ထိခိုက်နစ်နာမှာဖြစ်တဲ့အတွက် ကျွန်တော် စိတ်ကောင်းပါဘူး

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က မတ်လမှာကဲ့သို့ အပြည့်အဝ lockdown မလုပ်လိုပေမဲ့ ကူးစက်မှုကို မထိန်းချုပ်နိုင်ခဲ့ပါက နောက်ထပ် ပိုမိုအရေးယူဆောင်ရွက်မှု လုပ်ဆောင်ရနိုင်ကြောင်း ပြောခဲ့ပါတယ်။ "တစ်ကယ်လို့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုတွေက ထပ်ဆင့်ကူးစက်မှုနှုန်း R (reproduction rate) ကို တစ်ဂဏန်းအောက်ဖြစ်အောင် မလုပ်နိုင်ခဲ့ရင် သိသိသာသာ ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေ သတ်မှတ်ရမှာပါ" လို့ ဘောရစ်ဂျွန်ဆင်က လွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

(Photo: BBC)

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဗြိတိန်ရဲ့ လက်အောက်ခံအစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ ခေါင်းဆောင်များနဲ့ အရေးပေါ် အစည်းအဝေးတွေ ပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်မှာ လူတွေကို လုပ်ငန်းခွင်သို့ ပြန်လည်သွားရောက်မှု စတင်ရန် တိုက်တွန်းခဲ့ပြီးနောက် သီတင်းပတ်မျှအကြာမှာပင် ဖြစ်နိုင်ပါက နေအိမ်ကနေ အလုပ်လုပ်ရန် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က အကြံပြုလာခဲ့ပါတယ်။ ဘောရစ်ဂျွန်ဆင်က အရက်ဆိုင်များ၊ ဘားဆိုင်များ၊ စားသောက်ဆိုင်များနဲ့ အခြား ဧည့်ခံဝန်ဆောင်မှုပေးတဲ့ နေရာအားလုံးကိုလည်း ကြာသပတေးနေ့ (စက်တင်ဘာ ၂၄ ရက်) မှစပြီး ည ၁၀ နာရီမှာပိတ်ရန် ညွှန်ကြားချက်ထုတ်ထားပါတယ်။

(Photo: Reuters)

"ဒီစည်းမျဥ်းကန့်သတ်ချက်တွေက အလုပ်ပြန်စရုံရှိသေးတဲ့ စီးပွားရေးလုပ်ငန်း အများအပြားကို ထိခိုက်နစ်နာမှာဖြစ်တဲ့အတွက် ကျွန်တော် စိတ်ကောင်းပါဘူး" လို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ COVID-19 ဒုတိယလှိုင်းကို ရှောင်လွှဲမရဘဲ ကြုံတွေ့နေပြီဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က စက်တင်ဘာ ၁၈ ရက် နှောင်းပိုင်းမှာ ပြောထားခဲ့ပါတယ်။

ဗြိတိန်မှာ တစ်ရက်လျှင် ကိုဗစ်ကူးစက်ခံရသူ ၅၀,၀၀၀ ဖြစ်လာနိုင်ကြောင်း အကြံပေးပုဂ္ဂိုလ် သတိပေး

အသစ်ထုတ်ပြန်လိုက်တဲ့ COVID-19 စည်းမျဥ်းတွေကို မလိုက်နာတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ငွေဒဏ် ပေါင်စတာလင် ၁၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၇၀ ဝန်းကျင်) ချမှတ်ခံရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ mask မတပ်သူတွေကတော့ ပေါင်စတာလင် ၂၀၀ (မြန်မာကျပ်ငွေ ၃၃၀,၀၀၀ ကျော်) ဒဏ်ကြေးပေးဆောင်ရမယ်လို့ သိရပါတယ်။

(Photo: AFP)

ဗြိတိန်နိုင်ငံမှာ မိမိကိုယ်တိုင် သီးခြားခွဲနေရမယ့် ညွှန်ကြားချက်ကို မလိုက်နာသူများ ပေါင်စတာလင် ၁၀,၀၀၀ အထိ အမြင့်ဆုံး ငွေဒဏ်ချမှတ်ခံရနိုင်ကြောင်း အစိုးရက ပြောကြားထားပါတယ်။ အသစ်ထုတ်ပြန်ထားတဲ့ ဥပဒေစည်မျဥ်းအရ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသူတွေ သို့မဟုတ် ကူးစက်ခံရသူနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေဟာ စက်တင်ဘာ ၂၈ ရက်နေ့မှစပြီး ၎င်းတို့ကိုယ်တိုင် သီးခြားခွဲ‌နေကြရမှာ ဖြစ်ပါတယ်။

ထပ်ဆင့်ကူးစက်မှုနှုန်း R (reproduction rate) ကို တစ်ဂဏန်းအောက်ဖြစ်အောင် မလုပ်နိုင်ခဲ့ရင် သိသိသာသာ ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေ သတ်မှတ်ရမှာပါ

ဗြိတိန်အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေအရ သီးခြားခွဲနေရပါက နေအိမ်ကနေ အလုပ်မလုပ်နိုင်တဲ့ ဝင်ငွေနည်းသူ ၄ သန်းအတွက် ပေါင်စတာလင် ၅၀၀ (မြန်မာကျပ်ငွေ ၈၅၀,၀၀၀ ဝန်းကျင်) တစ်ကြိမ်ထောက်ပံ့ငွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

(Photo: AFP)

သီးခြားခွဲနေရတာကြောင့် လုပ်ငန်းခွင်သို့ မလာရောက်နိုင်တဲ့ အလုပ်သမားတွေကို အပြစ်ပေးခြင်း သို့မဟုတ် သီခြားခွဲနေရမယ့် ညွှန်ကြားချက်ကို မလိုက်နာရန် အလုပ်သမားကို ဖိအားပေးပြောဆိုခြင်းတို့အတွက် သက်ဆိုင်ရာ အလုပ်ရှင်တွေကိုလည်း ပြစ်ဒဏ်ချမှတ်မယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ မြင့်တက်နေခဲ့ပြီး လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၀၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၁,၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ဗြိတိန်အပါအဝင် ဥရောပမှာ ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ပြီးခဲ့တဲ့ သီတင်းအတွင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာ ကိုယ်တိုင်သီးခြားခွဲနေရမယ့် ကိုဗစ်စည်းမျဥ်း မလိုက်နာပါက ပေါင် ၁၀,၀၀၀ ဒဏ်ရိုက်မည်

Share

Loading Next Article...
က္က